သတင်း

မန္တလေး မင်္ဂလာဈေး မီးလောင်မှု အကြောင်းရင်း ယနေ့အထိ မသိရှိရသေးဟုဆို

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်ဆုံးရှုံးမှု တန်ဖိုးအများဆုံးဖြစ်သည့် မန္တလေး မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်သည့် အကြောင်းရင်းအား ယနေ့အထိ မသိရှိရသေးကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ ခရိုင် ဦးစီးမှူး ဦးသန်းနိုင်က ပြောဆိုသည်။

“အများပြည်သူကလည်း မီးလောင်ရတဲ့ အကြောင်းရင်းကို စိတ်ဝင်စားနေကြတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်း အခုထိတော့ မသိရသေးဘူး။ လူအများကတော့ အမျိုးမျိုး ထင်ကြေးပေးနေကြတယ်။ ကျနော်တို့ ဆက်လက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတုန်းပါ။ မီးဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် မန္တလေးမြို့က ဈေးတွေမှာ လုံခြုံရေး အားနည်းတာ တွေ့ရတယ်။ ကြိုတင်ကာကွယ်မှု နည်း နေတာလည်း တွေ့ရတယ်။ ဒါတွေက အားနည်းချက်တွေ ဖြစ်နေတယ်”ဟု ဦးသန်းနိုင်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်က လောင်ကျွမ်းခဲ့သည့် မန္တလေး မင်္ဂလာဈေး မီးလောင်မှု ဆုံးရှုံးငွေတန်ဖိုးသည် ကျပ် ၁ ဘီလီယံ ကျော် (၁,၀၅၄,၆၆၀,၀၀၀ ကျပ်) ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မီးလောင်ခဲ့သည့် မန္တလေး မင်္ဂလာဈေးအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (မန္တလေး)၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆည်မြောင်း ဦးစီးဌာနနှင့် နည်းပညာ တက္ကသိုလ်တို့က လူနေထိုင်ရန်မသင့်သည့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၌ မတ်လအတွင်း မီးလောင်မှု ၃၃ ကြိမ် ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁ ဘီလီယံ ကျော် (၁,၀၇၂,၇၇၃,၅၀၀ ကျပ်) ဆုံးရှုံးမှုရှိကြောင်း မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

မီးလောင်မှု ၃၃ ကြိမ်တွင် လူတစ်ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး မီးဘေးဒုက္ခသည် ၁၀၄ ဦးရှိကြောင်းလည်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက “မီးလောင်ရင် ကြိတ်ပြီး ငြှိမ်းမယ့်အစား မီးသတ် ကို အကြောင်းကြား သတင်းပေးသင့်တယ်။ လူအတော်များများက မီးသတ်ကို အကြောင်းကြားရမယ့် ဖုန်းနံပါတ်တွေကို မသိကြ ဘူး။ ဒါတွေလည်း သိထားဖို့လိုတယ်။ မီးသတ်တဲ့အပိုင်းနဲ့ ပြောရရင်တော့ တချို့မြို့နယ်၊ ရပ်ကွက်တွေက လမ်းတွေကျဉ်းလွန်း တာကြောင့် မီးငြှိမ်းသတ်ဖို့ တော်တော် အခက်အခဲဖြစ်ရတယ်။ လူတွေကလည်း မီးလောင်ပြီဆိုရင် ဝိုင်းအုံကြည့်တဲ့အတွက် ဒါကလည်း အခက်အခဲတခုပဲ”ဟု ပြောသည်။

မီးလောင်မှု ၃၃ ကြိမ်တွင် ကျောက်ဆည်မြို့နယ် ၃ ကြိမ်၊ မြင်းခြံမြို့နယ် ၃ ကြိမ်၊ ပြည်ကြီးတံခွန်မြို့နယ် ၃ ကြိမ်၊ မိတ္ထီလာမြို့နယ် ၃ ကြိမ်၊ ချမ်းအေးသာစံမြို့နယ် ၃ ကြိမ်၊ သာစည်မြို့ ၂ ကြိမ်၊ စဉ့်ကူးမြို့နယ် ၂ ကြိမ်၊ ပုသိမ်ကြီးမြို့ ၂ ကြိမ်၊ ပြင် ဦး လွင်မြို့နယ် ၂ ကြိမ်၊ မတ္တရာမြို့နယ် ၂ ကြိမ်၊ မဟာအောင်မြေမြို့နယ် ၂ ကြိမ်၊ ရမည်းသင်းမြို့နယ် ၂ ကြိမ်နှင့် ငါန်းဇွန်မြို့နယ်၊ မလှိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်တို့တွင် ၁ ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ မှတ်တမ်း၌ ဖော်ပြထားသည်။

ယခုအခါ မီးဘေးကြိုတင် တားဆီးနိုင်ရေးနှင့် မီးလောင်မှုဖြစ်စဉ်များ အမြဲမပြတ် စောင့်ကြည့်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မန္တလေး တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနက မီးလောင်နေရာအား ထောက်လှမ်းရှာဖွေရေး ကိရိယာ CCTV ကင်မရာကို မန္တလေးမြို့၏ အမြင့် ဆုံး အဆောက်အအုံဖြစ်သည့် မန်းမြန်မာပလာဇာ (ဈေးချို) အပေါ်ဆုံးထပ်၌ တပ်ဆင်ထားကြောင်း၊ မီးလောင်မှု ဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ ကြည့်ရှုကွပ်ကဲလျက် မီးလောင်မှု အခြေအနေ၊ အနည်းအများပေါ် မူတည်ပြီး မီးသတ်ယာဉ်အုပ်စု အဆင့် အလိုက် စေလွှတ်ပေးနေကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

Loading