တနိုင်ငံလုံးတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ သစ်ပင်ပိခြင်းများကြောင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူ လဲ့လဲ့ထွန်းက ဧရာဝတီသို့ ပြောသည်။
လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ သစ်ပင်ပိခြင်းများကြောင့် စစ်ကိုင်းတိုင်းတွင် ၇ ဦး၊ မန္တလေးတိုင်းတွင် ၆ ဦးနှင့် ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ၁ ဦး စုစုပေါင်း ၁၄ ဦး ဖြစ်ပြီး သေဆုံးသူတဦးလျှင် ကျပ် တသိန်းနှုန်းဖြင့် ဝန်ကြီးဌာနက ထောက်ပံ့ ကူညီထားကြောင်း သတင်းရရှိသည်။
ဒေါ်ဖြူ လဲ့လဲ့ထွန်းက“ရွှေဘိုဘက်မှာဆို လေပြင်းတိုက်တော့ လွင့်လာတဲ့သွပ်ပြားက ဗိုက်မှန်ပြီး တယောက် သေသွားတယ်။ တယောက်က မိုးကြိုးပစ်ခံရတော့ ရွှေဘိုမှာ ၂ ယောက်သေတယ်။ မုံရွာမှာ ၃ ယောက်၊ ကန့်ဘလူမှာ တယောက်၊ စစ်ကိုင်းမှာ တယောက်သေတယ်။ အများစုကတော့ မိုးကြိုးပစ်ခံရတာနဲ့ သစ်ပင်ပိလို့ ဖြစ်ရတာ”ဟု ပြောသည်။
စစ်ကိုင်းတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပေါင်း ၄၁၄ လုံး ပြိုလဲခဲ့ပြီး အိုးအိမ် ၄၇၉၅ လုံးမှာ အိမ်အမိုးလန် သွားခဲ့ကြောင်း၊ မန္တလေးတိုင်းတွင် အိမ်ပေါင်း ၃၄၀ ပြိုလဲခဲ့ပြီး အိုးအိမ် ၂၃၆၆ လုံးမှာ အမိုးလန်သွားခဲ့ကြောင်း၊ မကွေးတိုင်းတွင် အိမ်ပေါင်း ၂၀ ကျော် ပြိုလဲခဲ့ပြီး အိမ် ၃၀၃ လုံး အမိုးလန်သွားခဲ့ကြောင်း သိရသည်။
“ကျမတို့က ပြိုကျတဲ့အိမ်တွေကိုတော့ တအိမ်ထောက်ပံ့ကြေး ၅ သောင်းပေးပါတယ်။ မြင်းခြံဘက်မှာလည်း အိမ် ၆၃ လုံးပြိုကျသွားလို့ ထောက်ပံ့ကြေးပေးပို့လုပ်နေပါတယ်”ဟု အထက်ပါ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူ လဲ့လဲ့ထွန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ရေသရောက်ကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဖျောက်ဆိပ်ပင် ကျေးရွာ တို့ တွင် ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက လေပြင်းများကျရောက်ခြင်း၊ မိုးသီးများ ကြွေကြခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ ဒလဟောစီးဆင်းမှုတို့ကြောင့် လူ ၆ ဦး သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာ ရရှိကြောင်း ကျောက်ဆည်အခြေစိုက် အင်ဂျင်နီယာတပ်ရင်းမှ တပ်မတော် အရာရှိတဦးက အတည်ပြု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ အရပ်ရပ်တွင် အနောက်တောင် မုတ်သုံရာသီ မကျရောက်မီ မိုးကြိုကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာ ရာမှ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ အားကောင်းမှုကြောင့် ဧပြီလ ၂၂၊ ၂၄ ရက်နေ့ များတွင် စစ် ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း နေပြည် တော် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။