ကချင်လူထု ၃၀၀၀ ကျော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ချီတက်ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး အန္တရာယ်ဆိုးရွားလာမှုကို လက်ရှိအစိုးရသိစေရန် ရည်ရွယ်ပြီး ကချင် မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးနေ့ဖြစ်သည့် ယနေ့တွင် ကချင်လူထု ၃၀၀၀ ကျော်က လားရှိုး၊ ကွတ်ခိုင် နှင့် မူဆယ်မြို့များ၌ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သည်။
မူဆယ်၊ ကွတ်ခိုင်နှင့် လားရှိုးမြို့ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံအဖွဲ့၊ အသင်းတော်မှ သင်းအုပ်ဆရာများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။
လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြသည့် ကချင်လူထုက လက်ရှိမြန်မာနိုင်ငံ အစိုးရသစ်သည် မူးယစ်ဆေးတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တရပ်အနေဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပါဝင်သူများ၏ လုံခြုံရေး ကို ထိထိရောက်ရောက် တာဝန်ယူပေးရန် တို့ကို တောင်းဆိုခဲ့ကြသည်။
ထိုသို့ဆန္ဒဖော်ထုတ်ရာတွင် မူဆယ်မြို့၌ ကချင်လူထု ၁၂၀၀ ခန့်၊ ကွတ်ခိုင်မြို့၌ ကချင်လူထု ၆၀၀ ကျော်နှင့် လားရှိုးမြို့၌ ကချင် လူထု ၁၅၀၀ ကျော်ဖြင့် စုစုပေါင်း ၃၀၀၀ ကျော်ပါဝင်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များက ပြောသည်။
လားရှိုးမြို့ ကချင်စာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးဇော်နော်က“ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားတွေ စုံတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ စုံတယ်။ ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုဟာ ကမ္ဘာ့အတိုင်းအတာအထိ ရောက်နေတဲ့ အနေ အထား ရှိတယ်။ ရှမ်း၊ ကချင်၊ ပလောင်တွေကို မူးယစ်ဆေးဝါးက လွှမ်းမိုးနေပါပြီ”ဟု ဧရာဝတီကို ပြောသည်။
မူးယစ်ဆေးဝါး နောက်ကွယ်တွင် လက်နက်ကိုင်အဖွွဲ့အစည်းများနှင့် ပတ်သက်မှုရှိနေပြီး ပြည်သူအတွက်နှင့် နိုင်ငံအတွက်ပါ စိုးရိမ် နေရကြောင်းလည်း ဦးဇော်နော်က ဆက်ပြောသည်။
ကချင်လူထုအခြေပြုပြီး မူးယစ်ဆေးဝါး တိုက်ဖျက်မှုက ထိရောက်မှုဖြစ်လာမည်ကို မျှော်လင့်ကြောင်း၊ အဓိကအနေဖြင့် ကချင် လူထု ကိုသာ အခြေခံပြီး ပြုလုပ်နေကြောင်းကိုလည်း ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ပြောသည်။
“လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအနေနဲ့တော့ အသိပညာပေး လုပ်ပါတယ်။ ၃ နှစ်အတွင်းမှာ ဘိန်းစိုက်ပျိုးမှု လျော့လာ ပါတယ်။ ကျနော်တို့ ဒီထက်ပိုကောင်းအောင်လုပ်ဖို့ အစိုးရပဲ လုပ်လို့မရဘူး။ လူထု ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်”ဟု မူဆယ်မြို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ လူငယ်တာဝန်ခံ နော်ဒီးအောင်က ဧရာဝတီကို ပြောသည်။
၂၀၁၄ ခုနှစ်က စတင်ပြီး ဧပြီ ၂၅ ရက်ကို ကချင်အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်လိုက်ပြီးနောက်ပိုင်း မူဆယ်မြို့ရှိ ကချင်လူထုနေထိုင်သည့် ကျေးရွာများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု သိသာစွာ လျော့ကျလာသော်လည်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ခက်ခဲနေသေးကြောင်း နော်ဒီးအောင်က ဆိုသည်။
ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါး ကင်းစင်ရန် တိုင်းရင်းသားများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများက လက်တွဲဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်ကြောင်း ကွတ်ခိုင်မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်လွမ်းညွယ်က ဧရာဝတီကို ပြောသည်။
အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌လည်း ယနေ့ ကချင်အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြုလုပ် ရာ ဒေသခံ ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။