ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဦးလူနီလမ်းရှိ နေအိမ် တွင် နေ့ခင်းအချိန် ဓားပြတိုက်မှု ဖြစ်ပွားခဲ့သဖြင့် ကျူးလွန်သူကို စုံစမ်းရှာဖွေလျက်ရှိကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဓားပြတိုက်တယ်တော့မဟုတ်ဘူး။ သူခိုးက အိမ်ထဲမှာ ရောက်နေတာ။ အိမ်သားတွေ ပြန်လာတာနဲ့ တည့်တည့် တိုးတော့ အိမ်ရှင်ရဲ့ ၆ နှစ်အရွယ်ကလေးကို ဓားစာခံလုပ်ပြီး ငွေ သိန်း ၅၀ တောင်းတာ။ အိမ်ရှင် မိသားစုကလည်း ကလေး အန္တ ရာယ် ဖြစ်မှာ စိုးရိမ်လို့ ပိုက်ဆံပေး လိုက်ရတယ်။ လူတွေ ဝိုင်းဖမ်းရင် ဖမ်းဆီးမိနိုင်တာကို ကလေးကို ထိခိုက်မှာ စိုးရိမ် တာနဲ့ အိမ်ရှင်တွေက ကားနဲ့ ခေါ်သွားရလို့ လုပ်တဲ့သူက လွတ်သွားတာ။ အခု စုံစမ်းနေဆဲပဲ”ဟု အနောက်ပိုင်း ခရိုင်ရဲ တပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျော်ထွဋ် က ဧရာဝတီ သို့ ပြောသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ဒေါက်တာ ဦးရွှေပြည် နှင့် မိသားစုဝင်များ နေထိုင်သည့် နေအိမ် အတွင်း အမည် မသိ လူတဦး ရောက်ရှိနေသည်ကို အပြင် သွားရာမှ ပြန်လာသည့် ကာယကံရှင် မိသားစုဝင်များက တွေ့ခဲ့ကြောင်း၊ ထို့နောက် မိသားစုဝင်တဦး ဖြစ်သည့် အသက် ၆ နှစ်အရွယ် မသော်တာအောင် ကို အဆိုပါလူ က ဓားဖြင့် ခြိမ်းခြောက်ကာ အိမ်ရှင် မိသားစုထံမှ ငွေကျပ် သိန်း ၅၀ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊ ဓားပြတိုက်သူကို ကာယကံရှင် ဒေါက်တာရွှေပြည်က ဟံသာဝတီလမ်း အနီးရှိ ရွှေပုလ္လင် လက်ဖက်ရည်ဆိုင်အနီးသို့ ကားဖြင့် ပို့ဆောင်ပေးခဲ့ရသဖြင့် ကျူးလွန်သူမှာ လွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
လက်တလောတွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ ကြည့်မြင့်တိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေအိမ်သို့ သွားရောက်ကာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ်အခြေအနေများကို ထုတ်ပြန်ပြောကြားခြင်းမရှိသေးပေ။