ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယနေ့ မွန်းလွဲပိုင်းတွင် ဂျာမနီ နိုင်ငံသား ၂ဦး နှင့် ဧည့်လမ်းညွှန် တဦး မိုင်းနင်း မိ၍ ဒဏ်ရာ ရရှိသည်ဟု သတင်း ရရှိသည်။
ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု သော့ဖယ် ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများသည် အသက် အန္တရာယ် စိုးရိမ်ရမှုမရှိကြောင်း ကျောက်မဲမြို့နယ် ရဲမှူး ဝင်းခိုင်က ဧရာဝတီသို့ ပြောသည်။
“ဂျာမနီ အမျိုးသား ကတော့ ညာဘက်နံရိုး ထိတယ်။ အမျိုးသမီးကတော့ ညာဘက်လက်မောင်း၊ ညာဘက် နားထင်၊ လက်မောင်း၊ နဲ့ တတောင်ဆစ် ထိတယ်။ ဧည့်လမ်းညွန် ကတော့ခြေထောက် ၂ ဘက် ယမ်းငွေ့ ဟပ်တာ။ စိုးရိမ်စရာ မရှိပါဘူး။ကျောက်မဲ ဆေးရုံ ကိုတော့ ညနေ ၅ နာရီကျော် ရောက်လာပါတယ်။ သူတို့ကို မန္တလေး ဆေးရုံ ပို့မှာပါ”ဟု ရဲမှူး ဝင်းခိုင်က ပြောပြသည်။
ဂျာမနီ အမျိုးသား အမည်မှာ Zimmermann Felix ဖြစ်ပြီး အမျိုးသမီးမှာ Roesler Wiebke ဖြစ်ကြောင်း ထို ဂျာမနီ နိုင်ငံသားများသည် ကျောက်မဲမြို့နယ် သီပေါမြို့ ရှိ လီလီဟိုတယ်တွင် တည်းခိုပြီး သီပေါမြို့သို့ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည် များ ဖြစ်ကြောင်းလည်း သိရသည်။
“သီပေါကနေ လမ်းလျှောက်ပြီး သွားတယ်လို့ပြောတယ်။ အဲ့ဒီဘက်ကတော့ ခရီးသွားဧည့်သည်တွေ သွားနေတာပဲ။ အဲ့ဒီဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိတယ်။ လက်နက်ကိုင်တွေကတော့ စစ်ရေးအရ ဖြစ်ကြတာ နိုင်ငံခြားဧည့်သည်တွေကိုတော့ ဘာမှ ပြဿနာ မလုပ်ကြဘူး”ဟု ကျောက်မဲ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ဧရာဝတီသို့ပြောသည်။
ထိုနေရာတွင် ပလောင် (တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဖြစ်ပြီး ယခင်လများကလည်း RCSS/SSA နှင့် TNLD တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများလည်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့သည် ကမ္ဘာလှည့် ခရီးသည် များ စိတ်ဝင်စားကြပြီး လည်ပတ်သွားလာနေသည့် ဒေသတခု လည်း ဖြစ်ကြောင်း သိရသည်။