ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်နေ အသက် ၆ နှစ်အရွယ် ကလေးငယ် ကို သတ်သွားသည့် တရားခံ အား ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းနေဆဲ ဖြစ်ကြောင်း ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။
ဧပြီလ ၁၁ ရက် က နေအိမ် အနီးတွင် ပျောက်ဆုံးသွားခဲ့သည့် အသက် ၆ နှစ်အရွယ် မဇူးဇူးဇင် ၏ အလောင်း ကို ၁၀ ရက်အကြာ (ဧပြီ ၂၂ ရက်) က ဒေါပုံမြို့နယ်၊ ပုဇွန်တောင်ချောင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သော်လည်း ဦးခေါင်းပြတ်နေကြောင်း၊ အလောင်းနှင့် ကိုက် ၉၀ ခန့် အကွာတွင် ဦးခေါင်းခွံတခု တွေ့ရှိခဲ့သော်လည်း ကလေးငယ်၏ ဦးခွံမဟုတ်ကြောင်းနှင့် ပြတ်နေသည့် ဦးခေါင်းကို ရှာမတွေ့ကြောင်း ရဲတပ်ဖွဲ့ ၏ စစ်ဆေးချက်များအရ သိရသည်။
“ရဲတပ်ဖွဲ့ကတော့ ရသမျှ သတင်းတွေ စုစည်းပြီး စုံစမ်း စစ်ဆေးနေတယ်။ သံသယရှိသူ ဘယ်သူဘယ်ဝါရယ်လို့တော့ မဟုတ်ဘူး။ ရသမျှသတင်းတွေ စုပြီး လိုက်နေတုန်း။ ကလေးဘာကြောင့် သေရသလဲ ဆိုတာတော့ ဆေးစာ ရလာမှ သိရမယ်။ ဆေးစာကတော့ ပြန်မကျလာသေးဘူး။ ဘယ်အချိန်မှ ဆေးစာရမလဲဆိုတော့ ကျနော်တို့ မသိသေးဘူး”ဟု ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
မဇူးဇူးဇင် ၏ အမှုကို ဒေါပုံ ရဲစခန်းနှင့် ကလေးငယ် နေထိုင်ခဲ့သည့် သာကေတမြို့နယ် ရဲစခန်းတို့ က ပူးပေါင်း လုပ်ဆောင်လျက် ရှိပြီး သတင်းများ ဖလှယ်ကာ လုပ်ဆောင်နေကြောင်း သိရသည်။
“သူတို့ကတော့ စုံစမ်းနေတုန်းလို့ပြောတာပဲ။ သံသယရှိတယ်လို့ ထင်တဲ့လူတွေဘာတွေတော့ သူတို့ကို ပေးထားတာပဲ”ဟု သေဆုံးသူ မဇူးဇူးဇင် ၏ မိသားစုဝင် တဦးက ရှင်းပြသည်။
သေဆုံးသူ မဇူးဇူးဇင် သည် သူငယ်တန်း အောင်မြင်ထားပြီး ပထမတန်း တက်ရန် စောင့်ဆိုင်းနေသည့် ကျောင်းသူတဦးလည်း ဖြစ်ကြောင်း သိရသည်။