သတင်း

အငြင်းပွားဖွယ် စေတီများကိစ္စ မြိုင်ကြီးငူ ဆရာတော်နှင့် တွေ့ရန် ပြည်နယ် အစိုးရ အဖွဲ့ ကြိုးပမ်း

This article has been converted from Zawgyi One to Unicode

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ရှိ ခရစ်ယာန်နှင့် အစ္စလမ် ဘာသာရေးကျောင်းများ အနီးတွင် စေတီများ လိုက်လံတည်ထားနေသည့် မြိုင်ကြီးငူဆရာတော်နှင့် တွေ့ဆုံလျှောက်ထားရန် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။

ယင်းကိစ္စကို ပြည်နယ် အစိုးရအဖွဲ့က ပြည်ထဲရေး ဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့ထံ တင်ပြထားကာ ဆရာတော်နှင့် တွေ့ဆုံလျှောက်ထားပြီး ညှိနှိုင်းနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန မှ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

ဦးအောင်ဆန်းဝင်းက “ကျနော်တို့ တာဝန်ရှိသူတွေနဲ့ ဘာသာပေါင်းစုံ အဖွဲ့က သူတွေကို စေလွွှတ်ထားပါတယ်။ အခုထိတော့ ဆရာတော်နဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။ ဆရာတော်နဲ့ ဆွေးနွေးလျှောက်ထားနိုင်ဖို့ စောင့်ဆိုင်းနေပါတယ်” ဟု ရှင်းပြသည်။

ကရင်ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူများက မြိုင်ကြီးငူ ဆရာတော် ဦးသုဇန နှင့် တွေ့ဆုံညှိနှိုင်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ယနေ့အချိန်ထိ ဆရာတော် က လက်ခံတွေ့ဆုံခြင်း မရှိသေးပေ။
အစိုးရအဖွဲ့နှင့် ဒေသခံများ၏ အဆိုအရ စေတီများကို မြိုင်ကြီးငူ ဆရာတော် ဦးသုဇန က ဦးဆောင်ကာ တည်ထားနေခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးသုဇနသည် ဧပြီ ၂၄ ရက်နေ့ က လှိုင်းဘွဲ့ မြို့နယ်၊ ကွမ်းတောကျေးရွာ၊ ရှင်မာကု အင်္ဂလီကန် ဘုရားကျောင်းဝင်း အတွင်း၌ စေတီတဆူကို ၂ ရက်ဖြင့် အပြီး တည်ခဲ့ကြောင်း၊ ဧပြီ ၂၆ ရက်နေ့ ကလည်း ရွှေဂွန်းကျေးရွာရှိ မရ်ကဇ် ဗလီ မွတ်စလင် ဝတ်ပြုကျောင်း ၏ နံဘေးလမ်းကြားတွင်လည်း စေတီငယ်တဆူကို ထပ်မံ တည်ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘာသာရေးကျောင်းများအနီး စေတီများ ထပ်မံ တည်ထားရန်လည်း နေရာသတ်မှတ်မှုများ လည်း ပြုလုပ်ထားကြောင်း၊ ဘာသာရေး ပဋိပက္ခ အသွင် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။
ပြည်နယ်အစိုးရကမူ ဒေသခံများ အနေဖြင့် ဘာသာရေးအရ သွေးထိုးမှုများကို သတိထားရန် လိုအပ်ကြောင်းနှင့် အစိုးရကလည်း ဂရုတစိုက် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ပြည်နယ်သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။

ဦးမင်းတင်ဝင်းက “ပြည်နယ် အစိုးရက ဆရာတော် လုပ်တဲ့ ကိစ္စတွေကို တားဆီးဖို့ အခက်အခဲတွေ ရှိနေတယ်၊ တားရင်လည်း ဆရာတော်က ဆက်လုပ်မှာပဲ။ ဆရာတော်ရဲ့နောက်မှာ အားတွေအင်တွေ ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်နယ်အစိုးရသည် စေတီများ မတည်မီ ကာလကတည်းက ဆရာတော် ဦးသုဇနထံသို့ အစီအစဉ်များ ရပ်ဆိုင်းပေးရန် စာဖြင့် ကန့်ကွက် လျှောက်ထားခဲ့သော်လည်း ပြည်နယ်အစိုးရ၏ အစီအမံကို လက်မခံဘဲ ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးကို ဧပြီ ၂၆ ရက်နှင့် ၂၇ ရက်နေ့ မနက်ပိုင်း တွင် ပြုလုပ်ခဲ့ပြီး ဆရာတော်နှင့် တွေ့ဆုံ လျှောက်ထားခွင့်ရရေးကို ဆက်တိုက် ကြိုးပမ်းလျှက်ရှိကြောင်း အစိုးရအဖွဲ့ဝင် တဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စေတီများ လိုက်လံ တည်ထားနေသည့် ကိစ္စ ကို ဖြေရှင်းဆောင်ရွက်ရန် သမ္မတ ၏ ညွန်ကြားချက်ပေးရန်လည်း တောင်းခံထားကြောင်း ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။

Loading