ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ ညွန်ကြားရေးမှူးများ တွေ့ဆုံပွဲကို သတင်းရယူခွင့် တားမြစ်မှုနှင့် ပတ်သက်ပြီး သွားရောက်မေးမြန်းသည့် သတင်းမီဒီယာသမားများနှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စန်းတို့ အချင်း များ၍ ရုန်းရင်း ဆန်ခတ်မှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် ထိုတွေ့ဆုံပွဲကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကောင်းမြင့်နိုင်က သတင်းမီဒီယာများအား ဝင်ခွင့်မပေးသည့်အတွက် တွေ့ဆုံပွဲပြီးချိန်တွင် ဦးကောင်းမြင့်နိုင်ကို သတင်းဂျာနယ် ၆ ခုက သွားရောက်မေးမြန်းချိန်၌ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဖြစ်သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်စန်း(တိုင်းမင်းကြီး)က မြန်မာပို့စ် ဂျာနယ် သတင်းထောက် ဦးစိုးမြင့်စိုး လက်ထဲမှ အသံဖမ်းရန် ပြင်ဆင်နေသော တယ်လီဖုန်းကို လုယူခဲ့ရာမှတဆင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ကို ဘာကြောင့် ဝင်ခွင့်မပေးတာလဲဆိုတာ ဦးကောင်းမြင့်နိုင်ကို အင်တာဗျူးဖို့ သွားတယ်။ ဦးကောင်းမြင့်နိုင်က ကျနော် တို့ကို ရှင်းပြဖို့လုပ်နေချိန်မှာ တိုင်းမင်းကြီး ဦးမောင်မောင်စန်းက ခင်ဗျား ဘာလုပ်တာလဲဆိုပြီး လက်ထဲက အသံဖမ်းဖို့ပြင်နေတဲ့ ဖုန်းကို ဝင်လုတယ်။ သူက ဖုန်းကိုလုပြီး နောက်ဆုတ်လိုက်ပြီးတော့ သူတပည့်တယောက် လက်ထဲကို ထည့်လိုက်တယ်။ ခင်ဗျားတို့ ဘာလုပ်တာလဲ။ ကျုပ်ဖုန်း ပြန်ပေးဆိုပြီးတောင်းတော့ သူ့တပည့်က မပေးဘူး။ အဲ့ဒီမှာ ကျနော်တို့ သတင်းသမားတွေနဲ့ စကား တွေများကြတာ”ဟု မြန်မာပို့စ် ဂျာနယ် ၏ ဧရာဝတီတိုင်း သတင်းထောက် ဦးစိုးမြင့်စိုး က ဧရာဝတီကို ပြောပြသည်။
တိုင်းမင်းကြီး ဦးမောင်မောင်စန်းက ဖုန်းကို လုယူပြီးနောက် တပည့်ဖြစ်သူလက်ထဲ ထည့်ပေးခဲ့ပြီး ဖုန်းကို အသံဖမ်းထားခြင်းရှိ မရှိ စစ်ဆေးရန် ညွန်ကြားခဲ့ကြောင်း၊ တပည့်ဖြစ်သူကလည်း ဖုန်းကို ဖွင့်ရန် ကြိုးစားခဲ့ရာ လုံခြုံရေးစနစ် ခံထားသည့်အတွက် ဖွင့်မရ တော့မှ ဖုန်းကို ပြန်ပေးခဲ့ကြောင်း အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေသည့် The Voice သတင်းစာ ပုသိမ်ခရိုင် သတင်းထောက် မောင်မျိုးထက် ကလည်း ပြောသည်။
“သူတို့က ဖုန်းကိုယူသွားပြီး ပြန်ပေးဖို့တောင်းတာကို မပေးဘဲ စစ်ဖို့လုပ်တယ်။ အဲဒါနဲ့ ကျနော်တို့က ခင်ဗျားတို့ လုပ်နေတာ လုယက်မှုနော်။ သူတပါးမပေးဘဲ လုယူတာ လုယက်မှု။ ဖုန်းပြန်မပေးရင် တရားစွဲမယ်ဆိုတော့မှ ပြန်ပေးတာ”ဟုလည်း သူက ပြော ပြသည်။
အဆိုပါဖြစ်စဉ်သည် ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး (တိုင်းမင်းကြီး) ဦးမောင်မောင်စန်းနှင့် သတင်းသမားများကြား နားလည်မှု လွဲခြင်းသာဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးကောင်းမြင့်နိုင်က ပြောသည်။
“သတင်းမီဒီယာတွေ ဘာလို့ ဝင်ခွင့်မရတာလဲဆိုတာကို ကျနော်က ရှင်းပြနေတဲ့အပေါ်မှာ မင်းကြီး ရောက်လာတယ်။ ဘေးက သတင်းထောက် တယောက်က ဖုန်းနဲ့ အသံသွင်းတယ်ထင်လို့ သူက ဖုန်းကို ယူလိုက်တာပေါ့။ တကယ်တော့ ဟိုကလည်း အသံ မသွင်းပါဘူး။ ကိုယ်တို့လည်း ဘာမှမလုပ်ဘဲ သူ့ဖုန်းကို ပြန်ပေးလိုက်ပါတယ်။ ဒီလိုမျိုး နားလည်မှု လွဲကြတာပါ”ဟု ၎င်းက ပြောဆို သည်။
ယင်းဖြစ်ရပ်အား ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ ဝန်ကြီးချုပ် မန်းဂျော်နီထံ ယနေ့ သွားရောက် တင်ပြခဲ့ရာ ဖြစ်စဉ်အခြေအနေကို စုံစမ်းစစ်ဆေးပေးမည်ဖြစ်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ မဖြစ်ရန် စီမံပေးမည်ဟု ပြောဆိုကြောင်း သိရသည်။
“တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသူ တယောက်အနေနဲ့ အခုလိုကိစ္စက မဖြစ်သင့်ပါဘူး။ ဒီဖြစ်စဉ်ကို ဝန်ကြီး ချုပ် ဆီတင်ပြတော့ သူစုံစမ်းစစ်ဆေးပါ့မယ်။ နောင်ကိုလည်း အခုလိုမျိုး မဖြစ်ရအောင် သူစီမံပေးပါ့မယ်လို့ ဝန်ကြီးချုပ်က ပြော တယ်”ဟု မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဧရာဝတီတိုင်း ဥက္ကဋ္ဌ ဦးဇော်တင့်က ပြောသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု ညွန်ချုပ် ဦးမောင်မောင်စန်း သည် ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင်၍ ဧရာဝတီတိုင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။