ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပယ်ခြင်း ခံထားရသည့် သူရဦးရွှေမန်းက မကြာမီ ကျင်းပမည့် ပါတီညီလာခံ၏ ဆုံးဖြတ်ချက်ကို လက်ခံသွား မည်ဖြစ်ကြောင်း ယနေ့ နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
၂၀၁၂ ခုနှစ် ကြံ့ခိုင်ရေးပါတီ ညီလာခံက ရွေးချယ်ထားသည့် ဗဟိုကော်မတီများအနက် ထက်ဝက် ကျော်က အရေးပေါ် ညီလာခံ ခေါ်ယူပေးရန် ပါတီသို့ တောင်းဆိုထားပြီး ယင်းညီလာခံက ဆုံးဖြတ်သည့် ဆုံးဖြတ် ချက်ကို နာခံသွားမည်ဟု သူရဦးရွှွေမန်းက မီဒီယာများသို့ ပြောသည်။
သူရဦးရွှေမန်းက “ပထမအကြိမ် ပါတီ ညီလာခံက ရွေးချယ်တင်မြောက်ထားတဲ့ ဗဟိုကော်မတီများရဲ့ ထက်ဝက် ကျော်က တောင်းဆိုထားတဲ့ အတိုင်းဆိုလို့ရှိရင် အရေးပေါ် ပါတီ ညီလာခံ ခေါ်ယူပေးရမယ့် အနေအထား ရှိတယ်။ အဲဒါကို မလိုက်နာဘူး။ မဆောင်ရွက်ဘူးဆိုရင် မလိုက်နာ မဆောင်ရွက်သူများရဲ့ တာဝန်သာ ဖြစ် ပါတယ်။ ဥက္ကဌကြီးတို့နဲ့ မဆိုင်ဘဲနဲ့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ် ဆောင်ရွက်ချက်အပေါ်မှာ မိမိတို့ နာခံသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ပြင် ဦးရွှေမန်းက အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီထံသို့လည်း ဝင်ရောက်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြဟ်ကြောင်းလည်း ပြောဆိုသည်။
သူရဦးရွှေမန်းနှင့် အဖွဲ့ဝင် ၁၆ ဦးကို ကြံ့ခိုင်ရေးပါတီက ထုတ်ပယ်မှုသည် ပါတီတခုနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာတရပ်ဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို တနည်းမဟုတ်တနည်း သက်ရောက်မှု ရှိလာနိုင်သည်ဟု ယူဆကြောင်း သူရဦးရွှေမန်းက ဆိုသည်။
“ကျနော်တို့က ပါတီစည်းမျဉ်း စည်းကမ်းနဲ့အညီ ဆောင်ရွက်စေချင်တာ။ ဒီလိုမဆောင်ရွက်ဘူးဆိုရင် အင်မတန်မှ ခက်ခက်ခဲခဲ ထူထောင်ထားရတဲ့ ပါတီကြီးတရပ်မှာ ပါတီတွင်း ပြဿနာတွေဟာ ပြည်သူတွေရဲ့ လူနေမှုဘဝကို တကြောင်းမဟုတ်တကြောင်း ထိခိုက်သွားနိုင်တဲ့အတွက် ပြည်သူတွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်သွားနိုင်တယ်။ သို့လော သို့လောပေါ့။ ဒီလိုလေးတွေ မဖြစ်လိုတဲ့အတွက် ဒီနေ့ ပြည်သူတွေကို ပန်ကြားတဲ့ သဘောပဲ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းနှင့်အတူ ပါတီမှထုတ်ပယ်ခံထားရသူ ဦးဇော်မြင့်ဖေက ပြောသည်။