ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် (ခေါ်) လိပ်ကျွန်းလူသတ်မှု၌ ထိုင်းရဲတပ်ဖွဲ့၏ မျိုးဗီဇ(DNA) စစ်ဆေးမှုသည် ပြည့်စုံမှုမရှိ၍ ပြန်လည် စစ်ဆေးရန် နိုင်ငံတကာ ဥပဒေရေးရာနှင့် မှုခင်းဆေးပညာသိပ္ပံ ပါရဂူများက တိုက်တွန်းလိုက်ကြောင်း သိရသည်။
လိပ်ကျွန်းအမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသူ နှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသို့ နိုင်ငံတကာဥပဒေရေးရာနှင့် မှုခင်းဆေးပညာသိပ္ပံ ပါရဂူများက အကြောင်းကြား လာခြင်း ဖြစ်သည်ဟု ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တဦးဖြစ်သည့် ရှေ့နေဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။
“ထိုင်းရှေ့နေများကောင်စီအနေနဲ့ အဲဒီအကြံပြုချက်တွေကို လက်ခံပြီးတော့ အစည်းအဝေးလုပ်နေပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။
လိပ်ကျွန်းအမှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်း တို့ကို ဥပဒေအရ လိုက်ပါဆောင်ရွက်ပေးနေ သော အဖွဲ့က အမှုကို တရားဝင်ကန့်ကွက်ပြီး ပြန်လည်စစ်ဆေးပေးရန်နှင့် ထိုအမှုကို ကိုင်တွယ်ဆောင်ရွက်ခဲ့သူများကို ပြန်လည် တရား စွဲရန်လည်း တိုက်တွန်းထားသည်။
“နိုင်ငံတကာ ပါရဂူပညာရှင်တွေရဲ့ အကြံပေးချက်က ဘာလဲဆိုတော့ အခုဒီအောက်ရုံးမှာ ပြုလုပ်သွားတဲ့ DNA စစ်ဆေးချက်တွေဟာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ မညီဘူး။ ဒါကြောင့်မို့ အဲဒီလိုပြုလုပ်ခဲ့တဲ့ အဖွဲ့တွေကို ပြန်လည်တရားစွဲဖို့ အကြံဉာဏ်ပေး ထားတယ်လို့ သိရပါတယ်။ အဲဒါကို ရှေ့နေများကောင်စီကနေပြီး ပူးပေါင်းဆွေးနွေးနေပါတယ်”ဟု ဦးအောင်မျိုးသန့်က ပြောသည်။
ယခုလောလောဆယ်တွင် ထိုင်းရှေ့နေများကောင်စီက နိုင်ငံတကာပါရဂူများ၏ တိုက်တွန်းချက်ကို ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ် နေသကဲ့သို့ တလ ရက်တိုးတောင်းထားသည့် အယူခံကာလအတွင်း လိုအပ်သည့် အချက်အလက် စုဆောင်းမှုများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက ထိုင်းတရားရုံးသို့ ဧပြီလ ၁၉ ရက်တွင် ရက်ထပ်တိုးပေး ရန် အယူခံတင်ခဲ့ခြင်းကို ထိုင်းတရားရုံးက လက်ခံခဲ့ပြီး အဆိုပါ အယူခံရက်သည် မေလ ၂၃ ရက်၌ ကုန်ဆုံးမည်ဖြစ်သည်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ် သက် ၍ သံသယ တရားခံများအဖြစ် စွပ်စွဲဖမ်းဆီးခံရခြင်း ဖြစ်သည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က လူသတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ကြောင်း မူလက ထွက်ဆိုခဲ့ကြသော်လည်း နောက်ပိုင်း တရားရုံးချိန်းများ၌ ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး အမှုကိုမကျူးလွန်ကြောင်း ပြန်လည်ထွက်ဆိုခဲ့ကြသော် လည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးအား လူသတ်မှုအပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခဲ့သည်။