လွှတ်တော် ပထမသက်တမ်းအတွင်း ကိုင်တွယ်ရန် မပြီးပြတ်ခဲ့သော မြေယာသိမ်းဆည်းမှု တိုင်ကြားစာ ၆၀၀၀ ကျော်ကို လက်ရှိလွှတ်တော်သက်တမ်းတွင် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီက ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်းတွင် ရရှိခဲ့သည့် မြေသိမ်းတိုင်ကြားစာပေါင်း ၁၈၀၀၀ ကျော် ရှိပြီး ၁၂၀၀၀ ကျော် ကိုင်တွယ်ပြီးစီးခဲ့ကာ လုံးဝ မကိုင်တွယ်ရသေးသည့် တိုင်ကြားစာပေါင်း ၆၀၀၀ ကျော် ကျန်နေသေးကြောင်း ယင်းကော်မတီ၏ ဥက္ကဌဖြစ်သူ ဦးဘမျိုးသိန်းက ဧရာဝတီကို ပြောသည်။
ယင်းမြေယာသိမ်းဆည်းမှု တိုင်ကြားစာများအရ စွပ်စွဲခံရသူ အများစုမှာ စစ်တပ်၊ အစိုးရ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ္မဏီများဖြစ်ပြီး ဖြစ်ပွားမှု အများဆုံးမှာ မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်များတွင် ဖြစ်ကြောင်း သိရှိရသည်။ အခြေခံအဆောက်အဦးများ ဖွ့ံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဇုန်များ တည်ဆောက်ရေး စသည့် အကြောင်းပြချက်များဖြင့် သိမ်းယူခဲ့ခြင်းမျိုးများ ပါဝင်ကြောင်းလည်း ဦးဘမျိုးသိန်းက ဆိုသည်။
တိုင်ကြားစာများကို ပြန်လည်သုံးသပ်ရန်နှင့် ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် ပထမဆုံး အနေဖြင့် သင့်တော်သည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ကော်မရှင်တရပ် ဖွဲ့စည်းသွားရန် လိုအပ်ကြောင်းလည်း ဦးဘမျိုးသိန်းကပြောသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံ တိုးချဲ့မှုများ လုပ်ဆောင်ရန် လိုအပ်သည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံမျိုးများတွင် မြေယာသိမ်းမှု ပြဿနာသည် အကြွင်းမဲ့ ရှောင်လွဲမရနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
“တည်ဆဲဥပဒေတွေကို ဘေးဖယ်ပြီး လုပ်ခဲ့လို့ ဒီလိုမျိုး အကျိုးဆက်တွေ ဖြစ်လာတာပါ” ဟု ဦးဘမျိုးသိန်းက ပြောသည်။
တိုင်ကြားသူများနှင့် စွပ်စွဲခံရသူများကြား နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်မြေအသုံးချမှု ဥပဒေများနှင့်အညီ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဦးဘမျိုးသိန်းက ဆက်လက်ပြောဆိုခဲ့သည်။
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာ Global New Light of Myanmar ၏ ဧပြီလ ၂၇ ရက် နေ့ထုတ် ဖော်ပြချက်တွင် မြန်မာနိုင်ငံတလွှား၌ သိမ်းဆည်းခံရသည့် မြေယာဧကပေါင်း ၂၀၀,၀၀၀ ကျော်ခန့် ရှိကြောင်း တောင်သူလယ်သမားရေးရာ ကော်မတီက သိရှိခဲ့ရသည်ဟု ဆိုထားသော်လည်း အဆိုပါ ဧကပမာဏနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုအပေါ် ဦးဘမျိုးသိန်းက အတည်မပြုပေးနိုင်ခဲ့ပါ။
ရှေ့နေ ဦးကိုနီက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါမြေယာသိမ်းဆည်းမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တည်ဆဲဥပဒေများဖြင့် ဆောင်ရွက်လျင် ကောင်းမွန်သည့် အဖြေ တိတိကျကျ ထွက်လာလိမ့်မည်ဟု မထင်ကြောင်း၊ တပ်ပိုင်မြေ၊ ဝန်ကြီးဌာနပိုင်မြေ စသည်တို့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် ဥပဒေအသစ်တရပ် ပြဌာန်းခြင်းကသာ သင့်တော်သည့် ချဉ်းကပ်မှု တခုဖြစ်ကြောင်း ပြောပြသည်။
“ဘယ်ဥပဒေစာအုပ်မှာပဲ ကြည့်ကြည့် နိုင်ငံပိုင်မြေ ဆိုတာပဲ ရှိတယ်။ တပ်ပိုင်မြေဆိုတာ မရှိဘူး။ ဝန်ကြီးဌာနပိုင်မြေ ဆိုတာလည်း မရှိဘူး။ အစိုးရပိုင်မြေဆိုတာလည်း မရှိဘူး” ဟု ဦးကိုနီက ဆိုသည်။
စစ်အာအာရှင်လက်ထက်တွင် စစ်တပ်၊ အစိုးရဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္မဏီများမှ အကြောင်းပြချက်မျိုးစုံဖြင့် မြေဧကပေါင်းများစွာကို သိမ်းဆည်းမှုများ ရှိခဲ့သော်လည်း ယင်းကဲ့သို့သော စစ်တပ်နှင့် ဝန်ကြီးဌာနများ ပါဝင်ပတ်သက်နေသည့် ကိစ္စရပ်တခုချင်းစီအတွက် ဖြေရှင်းရန် ဥပဒေ တိတိကျကျ မရှိသေးကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
“ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်၊ အစိတ်အတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အသိမ်းခံခဲ့ရတဲ့ မြေတွေကို ဘယ်နည်းဘယ်ပုံ ပြန်ပြီးတော့ စီမံ ခန့်ခွဲမယ်ဆိုတာ ဥပဒေတခုကို အရင်ပြဌာန်းလိုက်ရမယ်။ ဥပဒေတခု အရင်ပြဌာန်းပြီးနောက်မှ အဲဒီဥပဒေမှာ ပါတဲ့အတိုင်း စီမံခန့်ခွဲမယ် ဆိုရင်တော့ သိပ်အငြင်းအခုံ ဖြစ်စရာ မရှိတော့ဘူး။” ဟု ဦးကိုနီက သူ၏ ကိုယ်ပိုင်အမြင်ကို ပြောပြသည်။