မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်ရှိ တောင်သမန် ကျေးရွာ အုပ်စုတွင် တောင်သမန် အစိမ်းရောင် မြို့တော် စီမံကိန်းကို အကောင်အထည် ဖော်မည်ဟု မန္တလေး အစိမ်းရောင်မြို့တော် အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ သိရသည်။
စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြထားပြီး အစိမ်းရောင် မြို့တော် ဖြစ်လာစေရန်နှင့် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဟုလည်း ဆိုသည်။
“တောင်သမန် ကန်ပတ်လည်မှာ နေ့ရောညပါ စိမ်းလန်း စိုပြေ သန့်ရှင်းသာယာ လှပလာစေဖို့၊ လူနေထူထပ်လာတာနဲ့အမျှ အဓိက လိုအပ်ချက်ဖြစ်တဲ့ လူနေ အဆောက်အအုံတွေကို မျက်စေ့ ပသာဒ ဖြစ်စေဖို့၊ မန္တလေးမြို့တော်ကို နိုင်ငံတကာအဆင့်မီ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အစိမ်းရောင်မြို့တော် ဖြစ်ပေါ်လာစေဖို့ အပြင် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေးတွေ အပါအဝင် တောင်သမန် အင်းကြီးရဲ့ ရေဆိုးရွားနေတာတွေကို နိုင်ငံတကာ အဆင့်မြင့် နည်းပညာများနဲ့ သန့်ရှင်း သာယာ လှပတဲ့ ကန်ကြီး ဖြစ်အောင် ပြုပြင်ဆောင်ရွက် အလှဆင်ပြီး နိုင်ငံခြား ခရီးသည်တွေကို ပိုမို ဆွဲဆောင်နိုင်စေရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံကိန်းကို အများအကျိုး အဓိကထားပြီး ဒေသခံတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားပါမယ်”ဟု မန္တလေး အစိမ်းရောင် မြို့တော် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၏ ဒါရိုက်တာ ဦးရဲမင်းသူက ပြောသည်။
မန္တလေး အစိမ်းရောင်မြို့တော် အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် မန္တလေးတိုင်း ဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း က တိုင်းရင်းသား လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
တောင်သမန်ကန် ပတ်လည်တွင် မြို့ပြအင်္ဂါရပ် နှင့်အညီ ဖွံ့ဖြိုး တိုးတက်လာစေရန်၊၂၄ နာရီ စိမ်းလန်းစိုပြေ သန့်ရှင်း သာယာ လှပစေရန်နှင့် တောင်သမန် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာလူထု၏ လိုအပ်မှုများ၊ လမ်းပန်းဆက်သွယ်ရေးများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို အဓိက ဦးစားပေး ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒေသဖွံ့ဖြိုးရေး အတွက် လာလုပ်ပေးတာဟာ ဒေသခံတွေ ဖွံဖြိုးဖို့ အတွက်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့် ဘုန်းကြီး အနေနဲ့ မိန့်ကြားလိုတာက တည်ဆောက်ရေး လုပ်ငန်းတွေ အောင်မြင်အောင် လုပ်ဆောင်ခြင်း၊ နောက်ပိုင်းကာလ မှာ အရှည် တည်တံ့ စေရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လင်းလာပြီး ရေရှည်မှာ တိုးတက်ရေးတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ဒီစီမံကိန်းကနေ ဒေသခံတွေအတွက် အလားအလာကောင်းတွေ ရရှိစေမှာ ဖြစ်တာကြောင့် စီမံကိန်းကို “တ”သုံးလုံး ကျန်စေသည့် လုပ်ငန်းလို့ မြင်မိပါတယ်”ဟု အမရပူရမြို့နယ် ရွှေဘုံသာကျောင်း ဆရာတော်က မိန့်ကြားသည်။
စီမံကိန်းစတင်ချိန်တွင် ဧက ၃၀ အကျယ်အဝန်း ၌ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး မြေနေရာများကို ကာလ သတ်မှတ် ပေါက်ဈေး အတိုင်း ဒေသခံများထံမှ ဝယ်ယူထားပြီး ဖြစ်ကြောင်း၊ နောက်ပိုင်းကာလတွင် ဒေသခံများ ပူးပေါင်း ပါဝင်လိုပါက ပါဝင်နိုင် စေရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေး အစိမ်းရောင် မြို့တော် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ဥက္ကဋ္ဌ မန်းမြန်မာ ဦးသန်းဝင်းက “စီမံကိန်းကိုအကောင်အထည် ဖော်ဆောင်မယ့် ကုမ္ပဏီက နိုင်ငံရေးနဲ့ကင်းရှင်းတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် စီမံကိန်း ခွင့်ပြုပေးနိုင်ဖို့အတွက် အစိုးရအဖွဲ့ အနေနဲ့ ခွင့်ပြု ပေးနိုင်အောင် ကြိုးစား လုပ်ဆောင်သွားမယ်”ဟု ပြောသည်။
ဆက်လက်၍ သူက “ဥပဒေဘောင် အတွင်းက လုပ်ထုံးလုပ်နည်းတွေ အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် အစိုးရ အနေနဲ့ ခွင့်ပြုပေးနိုင်မယ့် စီမံကိန်း ဖြစ်ပါတယ်။ ဒေသ ဖွံ့ဖြိုးရေးကို ဦးတည်တာကြောင့် ဒေသခံတွေရဲ့ လူနေမှု အဆင့် အတန်းတွေ မြင့်မားလာစေဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ များများရရှိစေဖို့၊ စီးပွားရေးတွေ ဖွံ့ဖြိုး တိုးတက်လာစေဖို့၊ နည်း ပညာပိုင်းတွေ ရရှိစေဖို့အတွက် လုပ်ဆောင်ပေးသွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ အစိမ်းရောင်မြို့တော် ဖြစ်လာဖို့ အတွက် ပါ”ဟု ပြောသည်။
တောင်သမန် အစိမ်းရောင် မြို့တော် စီမံကိန်းသည် မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး၏ အခန်းကဏ္ဍအား ပံ့ပိုးပေးမည့် အစီအစဉ်များ အပြင် တောင်သမန်အင်း ရေနှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပညာရှင်များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်း လုပ်ဆောင်ရာတွင် ရေဆိုးရေညစ်များလည်း ထွက်ရှိလာနိုင်သည့်အတွက် ယင်းရေများကို အင်းအတွင်း မရောက်နိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ စီမံကိန်းသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်ဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းများကိုလည်း အထောက်အကူ ဖြစ်စေမည့် စီမံကိန်းဟု ဆိုသည်။
“တောင်သမန် ဒေသဟာ မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်မှာ ရှိနေပေမယ့် တောမကျ၊ မြို့မကျ အခြေအနေပဲရှိပါသေးတယ်။ ရတနာပုံ တက္ကသိုလ်ကြီးကို ဖွင့်လှစ် ပေးခဲ့တဲ့အတွက် ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း အများကြီးရခဲ့ကြပါတယ်။ အဲဒီလိုပဲ အခု စီမံကိန်းကလည်း ဒေသခံတွေ အတွက် အများကြီး အကျိုးရှိလာမယ်လို့ မြင်ပါတယ်။ စီမံကိန်းကို ဒေသခံ တစ်ယောက် အနေနဲ့ ကြိုဆိုပါတယ်”ဟု တောင်သမန် ကျေးရွာအုပ်စု အိုးဘို ကျေးရွာမှ ဦးကျော်ထွန်းက ပြောသည်။
ကုမ္ပဏီသည် ဒေသခံ ပြည်သူများနှင့် ဝင်ငွေ နည်းပါးသည့် ပြည်သူများလည်း ဝယ်ယူ ရရှိနိုင်စေရန် အတွက် (ခ)အုပ်စု အစုရှယ် ယာ များကို အနာဂတ် ကာလတွင် ရောင်းချ ပေးသွားနိုင်ရန် အစီအစဉ် ရှိပြီး အစုရှယ်ယာ တစ်စုလျှင် ကျပ်တသိန်း နှုန်းဖြင့် အစု ရှယ်ယာပေါင်း ၁၄၇၀၀၀ အထိ ရောင်းချပေးသွားမည်ဟု သိရသည်။