အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့် ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ဧပြီလ ၂၈ ရက်နေ့တွင် စံမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံသို့ နုတ်ထွက်စာ တင်ခဲ့သည်။
မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဟောင်းလည်း ဖြစ်သော ဒေါက်တာ မောင်မောင်သိမ်းသည် ပြီးခဲ့ သည့် ၃ နှစ်တာ ကာလအတွင်း ဆက်တိုက်ပြုလုပ်ခဲ့သည့် တိုင်းပြည်၏ စီးပွားရေးကို ခေတ်နှင့်ညီ ပြောင်းလဲရေး ဆောင်ရွက်မှုများ၌ ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် အဓိက ကျသည့် နေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။
မြန်မာ့ အာမခံလုပ်ငန်း၏ အထွေထွေမန်နေဂျာ အဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသော ဒေါက်တာမောင်မောင်သိမ်း ကို မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံလုပ်ငန်းများ ရှိလာရန် စတင်ဆောင်ရွက်ခဲ့သူ၊ တိုင်းပြည်၏ ပထမဆုံးသော စတော့ အိတ်ချိန်းကို ထူထောင်ရာတွင် ကူညီခဲ့သူအဖြစ် သိကြသည်။ ၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၀ ခု ခန့် လုပ်ငန်းများ လုပ်ကိုင်နေပြီ ဖြစ်သည်။
“ဧပြီလ ၂၈ ရက်နေ့မှာ နုတ်ထွက်စာကို ကျနော်ကိုယ်တိုင် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှာ တင်ခဲ့ပါတယ်။ အဲဒါက မေလ ၁ ရက် နေ့မှာ စတင်သက်ရောက်ပါလိမ့်မယ်။ ကျနော်က တခြားသူတွေကို အခွင့်အရေးတခု (ကြီးကြပ်ရေးအဖွဲ့များတွင် ပါ ဝင်နိုင်ရန်) ပေးချင်လို့ပါ။ ဒါကြောင့် ကျနော် နုတ်ထွက်တာပါ” ဟု သူက ဧရာဝတီသို့ ပြောသည်။
“ကျနော့်နေရာကို ဘယ်သူလုပ်မလဲဆိုတာ မသိပါဘူး။ အဲဒါကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးက ဆုံးဖြတ်ပါလိမ့်မယ်” ဟု သူက ထပ်ပြောသည်။
ဒေါက်တာ မောင်မောင်သိမ်းက ဝန်ကြီး ဦးကျော်ဝင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဦးကျော်ဝင်းသည် တက္ကသိုလ် အတုတခု မှ ရရှိသည့် ဒေါက်တာဘွဲ့ကို ကိုယ်ရေး ရာဇဝင်တွင် ထည့်သွင်းဖော်ပြမိသဖြင့် ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာသည့် အချိန်တွင် ထိုသတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“သူတို့ ဘာပြောပြော ကျနော်ပြန်လာတော့မှာ မဟုတ်ဘူး” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။