ပါတီတွင်း ပြဿနာများ တရားနည်းလမ်းတကျ ဖြေရှင်းနိုင်ရေးအတွက် ပါတီအရေးပေါ်ညီလာခံ ခေါ်ယူပေးရန် ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ထံသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ) ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က လက်မှတ် ရေး ထိုးပြီး ယနေ့ တောင်းဆိုလိုက်ကြောင်း သိရသည်။
အရေးပေါ် ညီလာခံခေါ်ယူရေး တောင်းဆိုချက်အား ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ၂၁၉ ဦးရှိသည့်အနက် ပါတီမှထုတ်ပယ်ခြင်း ခံထားရသည့် သူရဦးရွှေမန်း အပါအဝင် ဗဟိုကော်မတီဝင် ၁၃၆ ဦးက ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုသူများအားလုံး ကိုယ်စား ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဦးဇော်မြင့်ဖေက ဦးဆောင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ပါတီတွင်းဖြစ်နေတာတွေက ညီလာခံခေါ်ပြီး ဆုံးဖြတ်ဖို့ လိုနေပါပြီ။ ပါတီကြီးတရပ်အနေနဲ့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ကို ထုတ်ပယ်ကြောင်းပြောတဲ့နေ့ကလည်း ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွေကို ပြင်တာတွေရှိပါသေးတယ်”ဟု ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေက ဧရာဝတီကို ပြောသည်။
ပါတီအရေးပေါ်ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကို လာမည့်မေလ ၂၈ ရက်နှင့် ၂၉ ရက် တို့တွင် ခေါ်ယူပေးရန်လည်း ထည့်သွင်း တောင်းဆိုထားကြောင်းလည်း ၎င်းက ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က တောင်းဆိုသည်ဆိုပါက ပါတီညီလာခံ ခေါ်ယူ ရမည် ဖြစ်သောကြောင့် ကြံ့ခိုင်ရေးပါတီဌာနချုပ်က မည်သို့တုံ့ပြန်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ဗဟိုဌာနချုပ်က သူရဦးရွှေမန်း အပါအဝင် ဗဟိုကော်မတီဝင် ၁၇ ဦးကို ဧပြီ ၂၂ ရက်၌ ပါတီမှထုတ်ပယ်ခဲ့ခြင်းနှင့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းအချိန်တွင် ပါတီတွင်းအာဏာသိမ်းမှုအဖြစ် သူရဦးရွှေမန်းကို ဖယ်ရှားကာ ဦးဌေးဦး အား ပါတီပူးတွဲ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့မှုများအပေါ် ညီလာခံ ခေါ်ယူ ဆုံးဖြတ်ရန် လိုအပ်သည်ဟု ဦးဇော်မြင့်ဖေက ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီ ညီလာခံခေါ်ယူဖြစ်ပါက ပါတီတွင်း ပြဿနာများကို ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ရယူခြင်းအပြင် ပါတီဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင်များ ပြန်လည်ရွေးချယ်မည့် အခြေအနေရှိကြောင်း သိရသည်။
လက်ရှိ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ တာဝန်ကို သမ္မတဟောင်း ဦးသိန်းစိန် က ပြန်လည်ရယူ ဆောင်ရွက်လျက် ရှိသည်။