မန္တလေးမြို့တွင် အထပ်မြင့် ဟိုတယ် နှင့် အဆောက်အအုံ များတွင် လုံလောက်သည့် ယာဉ်ရပ်နားရန် နေရာ ပါရှိမှ ဆောက်လုပ် ခွင့်ပြုမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှ ခေတ္တ ဌာနမှူး ဦးဇော်ဝင်း ကပြောသည်။
လေးထပ်နှင့် အထက် ရှိမည့် ဟိုတယ်များနှင့် အဆောက်အအုံများ အနေဖြင့် ယာဉ်ရပ်နား နေရာ ထည့်သွင်းထားသည့် ပုံစံ ဒီဇိုင်းများဖြင့် လျှောက်ထားရမည် ဖြစ်ပြီး အခန်း အရေအတွက်၊ တည်းခိုမည့် လူဦးရေနှင့် ကိုက်ညီသည့် အကျယ်အဝန်း ထားရှိရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အသုံးပြုမည့် ယာဉ် အစီးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်သည် ကားပါကင် ပါရှိရန် သေချာ စိစစ် နေကြောင်း၊ ဆောက်လုပ်ခွင့် ချထားပေးပြီးနောက် စည်းကမ်း မလိုက်နာသည့် ဆောက်လုပ်ခြင်းများ စစ်ဆေးတွေ့ရှိရပါက ဥပဒေနှင့် အညီ အရေးယူ သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
“အရင်က ကားပါကင် သတ်မှတ်ချက် ရှိခဲ့ပေမယ့် စစ်ဆေး အရေးယူမှု အပိုင်းမှာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာ မြို့တွင်းမှာလည်း ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတော့ နောက်ပိုင်းမှာ မြို့ရဲ့ လူဦးရေ တိုးတက်များပြား လာနိုင်တာကြောင့် အခုလို စိစစ် ဆောင်ရွက်မှုတွေ လုပ်ဆောင်ရတာဖြစ်ပါတယ်” ခေတ္တ ဌာနမှူး ဦးဇော်ဝင်း က ရှင်းပြသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေအရ ခွင့်ပြုထားသည့် အဆောက်အအုံ ပုံစံနှင့် ကွဲပြား ခြားနားစွာ ဆောက်လုပ်ပါက အနည်းဆုံး ဒဏ်ငွေ ကျပ် သုံးသောင်းမှ အများဆုံး ကျပ် သုံး သိန်း ဖြစ်စေ၊ ထောင်ဒဏ် ၃ လ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူနိုင်သည်ဟု သိရသည်။
မန္တလေးမြို့ပြ ပိုမို ဖွံ့ဖြိုး လာစေရေး အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ၄ ထပ်နှင့် အထက် အဆောက်အအုံများ တွင် လုံလောက် သည့် ကားပါကင် ပါရှိရမည်ဖြစ်ပြီး မျက်နှာဖွင့် ပေ ၄၀ အောက် လျော့နည်းသည့် အဆောက်အအုံ များကို ဘေးနှစ်ဘက် အမိုးစွန်းမှ ဝင်းခြံ အထိ ၃ ပေ ချန်၍ ဆောက်ထားရန်၊ မျက်နှာဖွင့် ပေ ၄၀ အထက် အဆောက်အအုံ များကို ဘေးနှစ်ဘက် အမိုးစွန်းမှ ဝင်းခြံ အထိ ၅ ပေ ချန်၍ ဆောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ချက်များ ပြည့်စုံမှ ခွင့်ပြုပေးမည် ဖြစ်ကြောင်း ကော်မတီ ၏ အဆိုအရ သိရသည်။
“နောက်ပိုင်း ကာလမှာဆိုရင် ကော်မတီက အင်ဂျင်နီယာ လိုင်စင်တွေကို ချထားပေးမှာ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီကနေပဲ RE ၊ PE ၊ RSE စတဲ့ အဆင့် သတ်မှတ်ချက် အတိုင်း ချထားပေးတဲ့ အပေါ်မှာ စာရင်း လက်ခံပေးတာပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ခေတ္တ ဌာနမှူး ဦးဇော်ဝင်း ကပြောသည်။
ထို့ပြင် တည်ဆောက်ရေး လုပ်ငန်းများ အတွက် အရေးကြီးသည့် အင်ဂျင်နီယာ လိုင်စင်များနှင့် ကန်ထရိုက် လုပ်ငန်း လိုင် စင်များ ကိုလည်း စိစစ်ခွင့်ပြု ချထားပေးလျက် ရှိသဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ အသိအမှတ်ပြု RE, PE, RSE ဖြေဆိုမှုများအတွက် အထောက်အကူ ဖြစ်စေမည်ဟု ၎င်းကပြောကြားသည်။
ယခုအခါ ကန်ထရိုက် လုပ်ငန်း လိုင်စင် ချထားပေးမှုမှာ ကုမ္ပဏီ ၁၃၅ ခု၊ အကြီးတန်း အင်ဂျင်နီယာ လိုင်စင် ၅၅၁ ဦး၊ အငယ်တန် းအင်ဂျင်နီယာ လိုင်စင် ၄၀၇ ဦးဖြစ်သည် ဟု သိရသည်။