လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရန် အတွက် အရန် မဟာဓာတ်အားလိုင်းစနစ်တခု ထပ်မံ တည်ဆောက်မှသာ ဖြေရှင်းနိုင်မည် ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ အဆင်မြင့် အရာရှိများက ဧရာဝတီသို့ ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးစန်းယုက“System Break Down ဖြစ်ရင် ဘာဖြစ်လည်းဆိုတာ သိ အောင် လုပ်။ ပြီးရင် အဲဒီနားကို Cut out လုပ်၊ ကျန်တဲ့လိုင်းတွေကို ပြန်ပေးဖို့ လုပ်တဲ့အခါ တချို့နေရာဆိုလည်း နာရီဝက်ကြာမယ်။ တချို့နေရာဆိုလည်း တနာရီကြာမယ်။ တခါတလေ ဒီထက်ပိုကြာမှာပေါ့။ ဟုတ်ပြီ System Break Down မဖြစ်အောင် ဘယ်လို လုပ် မလဲဆို မရဘူး။ ကျနော်တို့မှာ အရန် မဟာဓာတ်အားလိုင်း ရှိမှပဲ ရမယ်။ အဲဒီ အတွက် ပိုက်ဆံလိုတယ်။ ပိုက်ဆံရှိရင် ဒီဘက် က ပျက်ရင် ဟိုဘက်က ပေးမယ်။ ဟိုဘက်က ပျက်ရင် ဒီဘက်ကပေးမှ အဆင်ပြေတော့မှာ”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေခြင်းသည် လိုအပ်သည့် လျှပ်စစ် ဓာတ်အားကို လုံလောက်စွာ ထောက်ပံ့ခြင်း မပေးနိုင်ခြင်းကြောင့်ဖြစ်သည်ဟုလည်း ဆိုသည်။
တနိုင်ငံလုံး လျှပ်စစ်ပြတ်တောက်မှု အနေဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဧပြီလ ၂၁၊ ၂၂ ရက် များက လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးများ ကြွေခြင်းများကြောင့် ဓာတ်အားလိုင်းများ ပျက်စီးခဲ့ခြင်း၊ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက တောင်ငူနှင့် သာယာကုန်းတို့ကို ဆက်သွယ်ထားသည့် ဓာတ်အားလိုင်း ၂ လိုင်းတွင် သာယာကုန်းအနီး ကြံခင်း မီးလောင်မှုကြောင့် အမှတ် ၁ လိုင်း Line False ဖြစ်၍ ဓာတ်အား ပြတ်တောက်ခဲ့ပြီး အမှတ် ၂ လိုင်းသည်လည်း ဝန်အားမနိုင်သဖြင့် ဓာတ်အားပြတ်တောက်ရာမှ ဓာတ်အားစနစ်တခုလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းကြံခင်း မီးလောင်သည့်အချိန်တွင် ထွက်လာသည့် ပြာမှုန့်များက မဟာဓာတ်အားလိုင်းကြိုးပေါ်သို့ ကျရောက်ပြီးနောက် ဓာတ်အား လိုင်းကြိုးသည် လျှပ်ကာပုံစံဖြစ်သွား၍ လျှပ်စစ်ဓာတ်အား ကောင်းကောင်းမစီးနိုင်တော့ဘဲ ကွန်ရက်ကြီးတခုလုံး ရပ်တန့်ကာ တနိုင်ငံလုံး မီးပျက်၍ System Break Down ဖြစ်ရခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အတွင်း ဝန် ဦးစန်းယုက ပြောသည်။
ရာသီဥတု အပူချိန် မြင့်မားလာသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် လျှစ်စစ်မီးသုံးစွဲမှု အမြင့်ဆုံးသို့ ရောက်ရှိလာချိန်တွင် လျှပ်စစ် မီး လိုအပ်သလောက် လုံလောက်သည့် ထောက်ပံ့မှု မပေးနိုင်သည့်အခါ System Break Down ဟုခေါ်သည့် တနိုင်ငံလုံး လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင် ကလည်း ပြောဆိုသည်။
“ကျမတို့လည်း System Break ဖြစ်ပြီဆိုရင် စိုးရိမ်ပါတယ်။ တနိုင်ငံလုံးမှာ ဓာတ်အားခွဲရုံက ၃၀ ကျော်ရှိတော့ အဲဒီခွဲရုံတွေအားလုံး Voltage ညီအောင် Frequency တွေ ပြန်ညှိရတယ်။ ချက်ချင်း အကုန်ပြန်လည်လို့ မရတော့ အချိန်ယူရတယ်။ ရန်ကုန်မှာဆိုရင် ၃ နာရီလောက် မီးပြတ်သွားတယ်။ တချို့နေရာတွေဆိုရင် ၅ နာရီလောက်အထိ ကြာသွားတာမျိုးတွေ ရှိတယ်”ဟု ဒေါ်မိမိခိုင်က ပြော သည်။
မိုးဦးလေဦးကျအချိန်တွင် ဖြစ်တတ်သည့် သဘာ၀ ဘေးအန္တရာယ်များကြောင့်လည်း နေရာတချို့တွင် ဓာတ်အားလိုင်းတိုင်များ လဲပြိုသည့်အခါ မဟာဓာတ်အားလိုင်းများသည် ကွန်ရက်စနစ်ဖြင့် တည်ဆောက်ထားခြင်းကြောင့် မဟာဓာတ်အားလိုင်းစနစ်ကို ထိခိုက် စေပြီး System Break ဖြစ်တတ်ကြောင်း ဒေါ်မိမိခိုင်က ရှင်းပြသည်။
လျှပ်စစ်မီး ရရှိရေး ဓာတ်အား ထုတ်လုပ်ရာတွင် ငွေကြေး၊ နည်းပညာ၊ ပညာရှင်နှင့် အရင်းအနှီး စသည်ဖြင့် များစွာ လိုအပ်လျက်ရှိရာ ကျေးလက်ဒေသရှိ လူဦးရေ ၇၀ ရာခိုင်နှုန်း မီးရရှိရန် အမေရိကန်ဒေါ်လာ ၅.၈ သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ ရှိပြီး သား မဟာဓာတ်အားလိုင်းများမှ ကျေးလက်ဒေသ မီးရရှိရေးအတွက် ရေတိုစီမံချက်အနေဖြင့် ကျပ် သန်း ၆၇၀ သုံးစွဲရမည်ဖြစ်ရာ ကမ္ဘာ့ဘဏ်က သန်း ၄၀၀ ထောက်ပံ့ကူညီရန် သဘောတူထားပြီး ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာနမှ သိရသည်။
“ကျမတို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လျှပ်စစ်စွမ်းအား မီဂါဝပ် ၃၀၀၀၀ လောက် ထုတ်နိုင်တယ်။ ကျမတို့ဆီမှာက မီဂါဝပ် ၅၀၀၀ ကျော်လောက် ထုတ်နိုင်တဲ့နေရာမှ အခုထုတ်ယူသုံးစွဲနေတာက ၂၆၀၀ လောက်ပဲ ထုတ်နိုင်သေးတယ်။ တချိန်မှာ အရင်းအနှီးနဲ့ နည်း ပညာတွေ ပြည့်လာရင်တော့ တနိုင်ငံလုံး မီးလင်းရေးက ၂၀၃၀ မတိုင်ခင် ပိုစောပြီး ဖြစ်လာနိုင်ပါတယ်”ဟု လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်က ပြောသည်။
နိုင်ငံတွင် လျှပ်စစ်စွမ်းအင်ကို ရေအားလျှပ်စစ်အပြင် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဆိုလာပါဝါ တို့ဖြင့်လည်း လျှပ်စစ်မီး ရရှိရေး လုပ်ဆောင်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ပုဂ္ဂလိကသို့လည်း ခွင့်ပြုထားကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစန်းယုက ပြောသည်။
တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းက ရယူထားပြီး ၂၅ ရာခိုင်နှုန်းကို မန္တလေးတိုင်းက ရယူထား ကြောင်း၊ ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို တနိုင်ငံလုံးက ခွဲဝေသုံးစွဲနေရခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြော သည်။
ထို့အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း လုပ်ကိုင်ခွင့်ပြုထားရာ တောင်ငူမြို့အနီး သောက် ရေခပ် (၂) ဓာတ်အား မီဂါဝပ် ၁၂၀ ထုတ်လုပ်ရေးရုံကို Asia World ကုမ္ပဏီ လက်အောက်ရှိ ကုမ္ပဏီခွဲတခုကလည်းကောင်း၊ ဘီလူးချောင်း လောပိတ (၃) မီဂါဝပ် ၅၂ ထုတ်လုပ်ရေးရုံကို ရွှေတောင် ကုမ္ပဏီကလည်းကောင်း၊ အင်းလေးကန်အနီး အထက် ဘီလူးချောင်း လျှပ်စစ် ဓာတ်အား စီမံကိန်းတခုကို ပုဂ္ဂလိက ကုမ္ပဏီတခုကလည်းကောင်း လုပ်ကိုင်နေပြီး ၎င်းတို့၏ ဓာတ်အား ထုတ်လုပ်မှုကို အစိုးရက ပြန်လည် ဝယ်ယူရကြောင်း သိရသည်။
ရွှေလီ(တာပိန်) သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကလည်း တရုတ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့၏ ရင်းနှီးမြှပ်နှံမှုဖြင့် သဘာဝ ဓာတ်ငွေ့သုံး တာဘိုင်များဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။