ရက္ခိုင့်တပ်မတော် ( AA )နှင့် တပ်မတော်တို့၏ တိုက်ပွဲများအတွင်း တပ်မတော်က ဒေသခံရခိုင်တိုင်းရင်းသား များကို ပေါ်တာဆွဲခြင်း၊ လမ်းပြခေါ်ဆောင်ခြင်းများ ရှိပါက သက်သေ အထောက်အထားနှင့်တကွ လာရောက် တိုင်ကြားနိုင်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေး (နယ်/လုံ)ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောသည်။
ဧပြီလ ၂၉ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့်သတင်းမီဒီယာများတွေ့ဆုံစဉ် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲအတွင်းမြန်မာတပ်မတော်က အရပ်သားများအား ပေါ်တာဆွဲခြင်း ၊ လမ်းပြ ခေါ်ယူခြင်းများ ပြုလုပ် နေသည် ဆိုသော မေးမြန်းမှုများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ထိန်လင်းက အထက်ပါ အတိုင်း သတင်းမီဒီယာ များကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူး ကြီး ထိန်လင်းက “ကျနော်တို့ ထိတွေ့မှုတွေ ဖြစ်ပွားတဲ့ နောက်ပိုင်းမှာ တပ်မတော်အနေနဲ့ နယ်မြေ ရှင်းလင်းရေးတွေ ဆောင်ရွက်ရတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော် တဖြည်းဖြည်းနဲ့ ရှင်းလင်း
သွားမှာ ဖြစ်တဲ့ အတွက် ဒီကျေးရွာတွေဟာ အေးချမ်းသွားမှာ ဖြစ်ပါတယ်။ ပေါ်တာဆွဲတဲ့ ကိစ္စရပ်တွေ၊ လမ်းပြခေါ်တဲ့ ကိစ္စရပ်တွေ၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း တပ်မတော်အနေနဲ့ကတော့ ဒီလို စစ်ရေး စစ်ရာ ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ ပေါ်တာဆွဲတဲ့ ကိစ္စရပ်တွေ မဆောင်ရွက်ဖို့ဆိုတာ လမ်းညွှန် မှာကြား ထားပြီးသားရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အချက်အလက်များ ရှိရင် ကျနော့်ဆီ ပြောပါ။
သက်ဆိုင်ရာ တပ်မမှူး၊ တိုင်းမှူးတို့နဲ့ပေါင်းစပ်ညှိနှိုင်းပေးပြီးတော့ ကာကွယ်တား ဆီးပေးရမှာဖြစ်ပါတယ်။
သတင်းအချက်အလက်များ ရရင် အစိုးရအဖွဲ့အနေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက် ပေးပါ့မယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဧပြီလ ၁၆ ရက်နေ့ကတည်းက ရက္ခိုင့်တပ်မတော် ( AA )နှင့်တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ ဒေသခံများ နေရပ်စွန့်ခွာ ရှောင်တိမ်းခဲ့ရပြီး တပ်မတော်မှ ပေါ်တာဆွဲခြင်း၊ လမ်းပြအဖြစ် ခေါ်ယူသုံးစွဲခြင်း များရှိခဲ့သည့် အတွက် ယင်းတို့ကို စာရင်းကောက်ယူကာ နယ်လုံဝန်ကြီးထံ တင်ပြမည်ဟု ရသေ့တောင်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုသည်။
ဒေါ်ခင်စောဝေက “ကျမတို့ သိသလောက် အခုလောလော ဆယ်မှာ ရသေ့တောင်မြို့နယ် ဗောထီး ကုန်းမှာ ဒေသခံ ၈ ဦး ၊ ၉ ဦးလောက်ပေါ်တာဆွဲခံထားရတယ်။ နောက်ပြီး မနက်ဖြန် ရေကောင်းချောင်းကို သွားမယ် ။
စာရင်းအတိအကျကို ကောက်ယူမယ်။ ကျမတို့ ရတဲ့ စာရင်းအရတော့ အားလုံး စုစုပေါင်း ၁၆ ဦးရှိတယ်။ အဲဒီအထဲက တချို့တဝှက် ပြန်ရောက်ကြတယ် ဆိုတော့လေလောဆယ် ၉ ဦး အိမ်ပြန် မရောက်သေးဘူ ဆိုပြီး သတင်း ရရှိထားတယ်။တကယ်လို့ သူတို့ဘက်က အခုလို အရေးယူပေးမယ် ဆိုတော့ ကျမတို့ဘက်က စာရင်း
အတိအကျကို တင်ပြပေးမယ် ” ဟု ဧရာဝတီသို့ပြောသည်။
ကျေးရွာသားများကို လမ်းပြ အဖြစ်ခေါ်ဆောင်ခြင်း၊ပေါ်တာဆွဲမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ တိုင်ကြားနိုင် ဆိုသည်ကိုထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အတွက် တိုင်မည့်နေရာကို ရှာမတွေ့ခဲ့သည့်အတွက် လာရောက် တိုင်ကြားခြင်း မရှိခြင်းသာ ဖြစ်သည်ဟု ဒေါ်ခင်စောဝေက ဆက်လက်ပြောကြားသည်။
ရက္ခိုင့်တပ်မတော် ( AA ) နှင့် မြန်မာ့တပ်မတော် တို့သည် ဧပြီလ ၁၆ရက်နေ့မှစတင်၍ ဘူသီးတောင်မြို့နယ်နှင့် ရသော့တောင်မြို့နယ် အစပ် လောရမတောင်တန်း ၊ ပုဏ္ဏားကျွန်းမြို့နယ် အပိုင် နတ်သရွေး တောင်ကြော များတွင် တိုက်ပွဲများ ဖြစ်ပွား ပြင်းထန်ခဲ့ရာ လက်ရှိအချိန်တွင် စစ်ရှောင်ဒုက္ခသည်
၁၀၀၀ ကျော် ထိ တိုးပွားလာနေကြောင်း သိရှိရသည်။