ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့တွင် ဧပြီလ ၃၀ ရက်နေ့မှစတင်၍ ၂၁ ရာစုပင်လုံညီလာခံနှင့် ဖက်ဒရယ်အရေး သီးသန့် တွေ့ဆုံ ဆွေးနွေး လျက်ရှိကြောင်း သိရှိရ သည်။
KNU/KNLA ၏ ဗဟိုအမြဲတမ်းကော်မတီလည်းဖြစ် စစ်ထောက်ချုပ်လည်းဖြစ်သည့် ဗိုလ်ချုပ် စောအိုက်ဇက် က “ကျနော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း ဖက်ဒရယ်ကို ဦးစားပေးတယ်ဆိုတော့ နောက်ပြီး ၂၁ ရာစု ပင်လုံ ကလည်း ဘယ်လိုဖြစ်သင့် ဖြစ်ထိုက်တယ်ပေါ့။ လက်ရှိတိုင်းပြည်အခြေအနေကလည်း ဒါမျိုးတွေ ဆွေးနွေးတာပေါ့” သတင်းထောက်များကို ပြောသည်။
နေပြည်တော် Horizon Lake View Hotel တွင် ဧပြီ ၂၇ ရက်နေ့ ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အမြန်ဆုံး ဆောင်ရွက်မည်ကြောင်း ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် ကိုင်ဆွဲဆွေးနွေးသွားမည့် ဖက်ဒရယ်မူအပါအဝင် အစိုးရသစ်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ အပြောင်းအလဲ အခြေအနေနှင့် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားသည့် ၂၁ ရာစု ပင်လုံညီလာခံ ကိစ္စကို ဆွေးနွေးကြမည်ဟု RCSS ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောသည်။
“၂၁ ရာစုပင်လုံဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်စပြောလိုက်တဲ့ဟာပေါ့နော်။ ပင်လုံဆိုတဲ့နေရာမှာ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အရင်ကလက်ရှိပင်လုံဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် ကြိုးစားခဲ့တဲ့ ပင်လုံဖြစ်တယ်။ ဒါကြောင့်မလို့ ရှေ့ဆက်သွားမယ့် ၂၁ ရာစု ပင်လုံဆိုတာ ဘယ်လိုပုံစံမျိုး ထွက်လာမလဲဆိုတာကို ကျနော်တို့ ခုချိန်ထိ အတိအကျ မသိသေးဘူးပေါ့။ အဲလိုမျိုးဆွေးနွေး လာမယ် ဆိုရင်တော့ ကျနော်တို့တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပုံစံမျိုးကို ကျနော်တို့ ကြိုတင် ဆွေးနွေး ထားခြင်းဖြစ်ပါတယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က သတင်းထောက်များကို ပြောသည်။
KNU နှင့် RCSS တို့သည် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့အနက် အင်အား အကြီးဆုံး အဖွဲ့ နှစ်ဖွဲ့ဖြစ်ပြီး အပစ်ရပ် လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ဖွဲ့စည်းလိုက်သည့် EAO – PPST ခေါ် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့” ၏ ဦးဆောင် သူများလည်း ဖြစ်သည်။
PPST အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် (၁) အဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ ခေါင်းဆောင် (၂) အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် တို့ ဦးဆောင်ပြီးး ကျန် ၆ ဖွဲ့မှ ခေါင်းဆောင်များက အဖွဲ့ဝင်များဖြစ်ကြသည်။