စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီ ၇ ခု၏ စီမံကိန်းများမှာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို လေ့လာဆန်းစစ်ခြင်း မရှိဘဲ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဧပြီလ ၂၅ ရက်နေ့က သတ္တုတွင်း ဝန်ကြီးဌာနနှင့် NGO အဖွဲ့များ၊ ပြည်တွင်း လူမှုအဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်ထက်က အဆိုပါ ကုမ္ပဏီများမှာ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လေ့လာဆန်းစစ်ရေး လမ်းညွှန်ထားရှိမှုများကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း၊ တူးဖော်ရေး လုပ်ငန်းများကြောင့် မြေပြင်ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း တူးဖော်ရေး လုပ်ငန်းခွင်များမှာ ရေအရင်းအမြစ်နှင့် နီးစပ်သည့် အရပ်မဟုတ်သောကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဆိုးဆိုးရွားရွား မရှိကြောင်း ၎င်းကဆက်ပြောသည်။
စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော ကုမ္မဏီ ၉ ခုအနက် ထူးကုမ္ပဏီနှင့် မက်စ်မြန်မာ ကုမ္ပဏီတို့သာ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်များ၌ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်ဟု သိရသည်။
သတ္တုတွင်း ဝန်ကြီးဌာန၊ NGO များ၊ ပြည်တွင်း အဖွဲ့အစည်းများ အနေဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍများ၌ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုကို သုတေသနပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
“ကျနော်တို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် အခုချိန်က ကျနော်တို့ရဲ့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကိို ထုတ်ပြောဖို့ အချိန်မတန်သေးပါဘူး” ဟု ဦးကျော်ထက်က ပြောသည်။
အစိုးရသစ် လက်ထက် ပြည်ထောင်စုအဆင့် ဝန်ကြီး ၃၆ ဦးမှ ၂၁ ဦးအထိ လျှော့ချရေး အစီအစဉ်တွင် သတ္တုတွင်း ဝန်ကြီးဌာနသည်လည်း တခြားဝန်ကြီ်းဌာနနှင့် ပူးပေါင်းခဲ့ရသည့် ဝန်ကြီးဌာနတခု ဖြစ်သည်။
စီးပွားရေးအရ အကျိုးရှိစွာ ဂေဟစနစ်ဖွံဖြိုးတိုးတက် ရေးအဖွဲ့ (The Economically Progressive Ecosystem Development group – EcoDev)အဖွဲ့၏ ဒါရိုက်တာ ဦးဝင်းမျိုးသူက “ဒီအစီရင်ခံစာရဲ့ တွေ့ရှိချက်တွေဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ ထူး၊ မက်စ်တို့တောင်မှ အခုချိန်မှာ နိုင်ငံတကာ စံနှုန်းတွေအတိုင်း လိုက်နာဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ပူးတွဲစောင့် ကြည့်လေ့လာရေး ကော်မတီ အနေနဲ့ အရမ်း တင်းကျပ်တဲ့ နည်းလမ်းတွေကို အသုံးမပြုခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိလုပ်ငန်းတွေဟာ ဘယ်လို မှန်မှန်ကန်ကန် ဆောင်ရွက်ရမယ် ဆိုတာမျိုးကို အခုမှ သင်ယူနေဆဲ ကာလဖြစ်လို့ပါ” ဟု ပြောသည်။
သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် အသေးစားနှင့် အလတ်စား တူးဖော်ရေး စီမံကိန်းများကို ပိတ်ထားသော် ပြည်နယ်၊ တိုင်းအစိုးရမှ ခွင့်ပြုချက်များဖြင့် လုပ်ကိုင်နေကြသည့် လုပ်ငန်းများ ရှိနေကြောင်းကိုလည်း ဦးဝင်းမျိုးသူက ထောက်ပြသည်။
နိုင်ငံတဝန်းရှိ သဘာ၀ သယံဇာတ တူးဖော်ရေး စီမံကိန်းများကို ရေတွက်ရာတွင် အစိုးရ၏ ရေတွက်ပုံနှင့် EcoDev တို့
ရေတွက်ပုံ ကွဲပြားမှုရှိကောင်းရှိနိုင်ပါသည်။
သတ္တုတွင်း ဝန်ကြီးဌာန၏ တူးဖော်ရေး စီမံကိန်း တရားဝင် အရေအတွက်မှာ ၁၈၀၀ ဖြစ်သည်။ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်သော EcoDev ၏ ဂြိုလ်တု မှတ်တမ်းဓာတ်ပုံများနှင့် လေ့လာဆန်းစစ်မှု ပြုလုပ်ထားသည့် အချက်အလက်အရ မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသော တူးဖော်ရေးစီမံကိန်း အနည်းဆုံး လုပ်ငန်း ၂၃၄၀ ခု ရှိကြောင်း သိရသည်။ သို့သော် လုပ်ငန်းခွင်ပေါင်း ၅၇၀ ကျော်တို့မှာ မြေအောက် သို့မဟုတ် ရေအောက်၌ တည်ရှိနေသောကြောင့် ယင်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ NGO အဖွဲ့အစည်း၏ လေ့လာဆန်းစစ်မှုတွင် အတည်မပြုနိုင်ခြင်း မရှိပေ။