ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘောတူဖ ဘင်္ဂါလီ ဒုက္ခသည်စခန်း၌ ယနေ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။
ထို မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က “ မီးလောင် ကျွမ်းမှုဖြစ်တာ ဟုတ်တယ်။ ၈ ခန်းတွဲ အဆောင်တွေကို လောင်သွားတာ။ ၈ နာရီကစပြီး မီးလောင်တာ ၉ နာရီမှာ မီးငြိမ်းသွားတယ်။ အရေအတွက် အတိအကျတော့ လောလောဆယ် ဒါပဲသိရသေးတယ်”ဟု ပြောသည်။
ဘောတူဖ ဘင်္ဂါလီ ဒုက္ခသည်စခန်း မီးလောင်းကျွမ်းမှု ဖြစ်ပွားရခြင်းသည် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခြင်း ဖြစ်သည်ဟု အဆိုပါ ဘင်္ဂါလီစခန်းတွင် နေထိုင်သူများကလည်း ပြောပြသည်။
“လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးဗျ။ ထမင်းချက်တဲ့နေရာကနေ မီးလောင်တာလို့သိရတယ်။ အခုတော့ မီးငြိမ်းသွားပါပြီ ” ဟု ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဦးအောင်ဝင်းက ပြောသည်။
စစ်တွေမြို့နယ်အတွင်း တည်ရှိသည့် ဘောတူဖ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် စခန်း ၁ နှင့် စခန်း ၂ စသည်ဖြင့် သတ်မှတ်ထားပြီး လက်ရှိမီးလောင်ကျွမ်းမှု ဖြစ်ပွားရာသည် စခန်း ၂ ဘင်္ဂါလီစခန်း ဖြစ်ကြောင်း၊ ၈ ခန်းတွဲ လူနေအဆောင် ၅၀ ခန့် မီးလောင်းကျွမ်း ခဲ့ကြောင်း စစ်တွေ အမှတ် (၁) ရဲစခန်းမှ စုံစမ်းသိရှိရသည်။
ယင်း ဒုက္ခသည်များသည် ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ကျောက်ဖြူ ဒေသမှ ထွက်ပြေး လာပြီး စစ်တွေတွင် လာရောက် ခိုလှုံနေသူများ ဖြစ်ကြောင်း သိရသည်။
ထို ၂၀၁၂ ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံးပျက် စီး ခဲ့ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။