မန္တလေး မြို့ပြ ဖွံ့ဖြိုးလာရေး အတွက် ဇုန် နယ်မြေ ၈ ဇုန် သတ်မှတ်ရန် စီစဉ်နေကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။
“နိုင်ငံတကာ အဆင့် ခေတ်မီတဲ့ မြို့ပြဖွံ့ဖြိုးမှု ဖြစ်ဖို့ဆိုရင် Zoning Plan က အရေးကြီးပါတယ်၊ Zoning Plan ရေးဆွဲဖို့ အတွက် အဓိက အခက်အခဲ ကတော့ ကျနော် တို့ဆီမှာ Digitalize မရှိတာပဲ။ ဒါကြောင့် အင်ဂျင်နီယာ ၁၅ ဦးနဲ့ ဆော့ဖ်ဝဲ တစ်ခုကို အသုံးပြုပြီး မန္တလေးမြို့ရဲ့မြေပုံကို တိတိကျကျ ရနိုင်ဖို့ အတွက် Digitalize ကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကွက်စိပ်မြေပုံ အထိ လုပ်ထားတယ်။ ဒီစနစ်က နိုင်ငံတကာမှာလည်း အသုံးပြုနေပါ တယ်”ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ခေတ္တ ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
လက်ရှိတွင် အကြမ်းဖျင်း သတ်မှတ်ထားသည့် ဇုန် ၈ ဇုန်မှာ ကျုံးပတ်လည် သမိုင်ဝင် အမွေအနှစ် ထိန်းသိမ်းရေးဇုန်၊ မန္တလေး တောင်တော် ဝန်းကျင် သမိုင်းဝင် အမွေအနှစ် ထိန်းသိမ်းရေးဇုန်၊ ဖွံ့ဖြိုးတိုးတက်မှု ကန့်သတ်ရေးဇုန်၊ ဖွံ့ဖြိုးတိုးတက်မှု အားပေးသည့်ဇုန်၊ ယာဉ်ရပ်နားမှု ပါဝင်သည့် စိမ်းလန်းမှုဇုန်၊ အဆင့်မြင့် အထပ်မြင့် ပုဂ္ဂလိက အိမ်ရာဇုန်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် မြင်ကွင်းများ မကွယ်စေသည့်ဇုန်၊ အလယ်အလတ် အထပ်မြင့် အိမ်ရာဇုန်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ Zoning Plan ရေးဆွဲပြီးပါက သတ်မှတ်ထားသည့် ဇုန်များ အတိုင်းသာ ဆောက်လုပ် ခွင့်ပြုတော့မည် ဖြစ်ကြောင်း၊ ဇုန်နေရာ သတ်မှတ်ချက်များကို အတိအကျ မသတ်မှတ်ရ သေးသော်လည်း အကြမ်းဖျင်း ဇုန် ၈ ဇုန် ကို Zoning Plan ရေးဆွဲကာ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသွားမည်ဟု သိရသည်။
Zoning Plan ရေးဆွဲနိုင်ရန် မန္တလေးမြို့တော် စည်ပင်ဝန်ထမ်းများနှင့် နည်းပညာ တက္ကသိုလ် ကျောင်းသားများ က လူမှုရေးနှင့် စီးပွားရေး ဒေတာများ ရရှိနိုင်ရန် အတွက် မန္တလေးမြို့၏ လူဦးရေ၊ ယာဉ်သုံးစွဲမှု၊ ရေပေးဝေရေး စနစ်များ၊ အမှိုက်စွန့်ပစ်မှု စနစ်များ၊ အဆောက်အအုံ တည်ဆောက်မှု အပိုင်းများကို ယခုနှစ် အတွင်း ကောက်ယူ သွားမည် ဖြစ်ကြောင်း၊ ကောက်ယူရရှိမည့် ဒေတာများကို ရေးဆွဲ ပြီးစီးထားသည့် ကွက်စိပ် မြေပုံများ အတွင်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
“ နိုင်ငံကြီးတွေရဲ့ မြို့ကြီးတွေမှာ ဒီလိုမျိုး သတ်မှတ်ပြီး ဇုန်ခွဲတာတွေ ရှိပါတယ်။ ဒေသနဲ့ ကိုက်ညီမယ့် လက်တွေ့ ဆန်တဲ့ Urban Planning နဲ့ High Restricted Area, Mixed Development Zone, Residential Zone , CBD, Culture Zone နေရာတွေကို မြို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုကို မထိခိုက်စေဘဲ အဖက်ဖက်က စဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ်”ဟု ဗိသုကာပညာရှင် တဦး ဖြစ်ပြီး CAD ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သည့် ဦးဇင်မင်းဆွေက သုံးသပ်သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် အတွက် AZ ဇုန်၊ MZ ဇုန်နှင့် PZ ဇုန်ဟူ၍ သတ်မှတ်ကာ ထိန်းသိမ်းထား ပြုပြင်ခြင်းများကို လုပ်ဆောင်နေလျက်ရှိသည်။
AZ ဇုန်နှင့် MZ ဇုန်များတွင် စီးပွားရေးနှင့် ပတ်သက်သည့် အဆောက်အအုံများ ဆောက်လုပ်ခွင့် လုံးဝ ခွင့်မပြုကြောင်း၊ PZ ဇုန် အတွင်း၌ စီးပွားရေးနှင့်ပတ်သက်သည့် အဆောက်အအုံများ ဆောက်လုပ် ခွင့်ပြုထားသော်လည်း ဝန်ကြီး ဌာန၏ သတ်မှတ်ချက်ဖြင့်သာ ဆောက်လုပ်ခွင့်ပြုကြောင်း သိရသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက “မန္တလေးမြို့တွင်းမှာ ရှေးဟောင်း ဇုန်လို့ သတ်မှတ်ထားတာမျိုး မရှိသေးပေမယ့် ဌာနက စောင့်ရှောက် ထိန်းသိမ်းပြုပြင်ထား တဲ့ စာရင်းဝင်နေရာ တွေတော့ရှိတယ်၊ ဥပမာ- နန်းမြို့ရိုးနဲ့ ကျုံးရဲ့ ပေ ၁၂၀ အတွင်းမှာ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အဆောက်အအုံမျိုးတွေကိုပဲ ဆောက်လုပ် ခွင့်ပြုထားတယ်။ သုဓမ္မာ ဇရပ်တန်းကြီးရဲ့ ပေ ၉၀ အတွင်းမှာလည်း ဒီအတိုင်းပဲ သတ်မှတ်ထားတယ်။ သတ်မှတ်ချက်က အထပ်မြင့် ကန့်သတ်တာရယ်၊ ဒီဇိုင်းပိုင်းတွေကို ကန့်သတ်တာရယ်၊ အရောင်ကန့် သတ်တာရယ်ဆိုပြီး သုံးမျိုးရှိတယ်”ဟု ရှင်းပြသည်။
ဆက်လက်၍ သူက “မြို့ပြဖွံ့ဖြိုးမှု အပိုင်းကို စည်ပင်သာယာရေး ဝန်ကြီးဌာနက လုပ်ဆောင်တာဖြစ်ပေမယ့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စောင့်ရှောက် ထိန်းသိမ်းထားပြီး ပြုပြင်ထားတဲ့ စာရင်းဝင်နေရာ တွေမှာတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု မရှိဘူးဆိုရင် ကန့်ကွက်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်”ဟု ပြောသည်။
“Zoning Plan က ရေးဆွဲနေဆဲ ဖြစ်ပေမယ့် သာသနိက အဆောက်အအုံတွေနဲ့ ရှေးဟောင်း အမွေအနှစ်တွေကို စတင် ထိန်းသိမ်းနေပြီ ဖြစ်ပါတယ်။ မန္တလေးမြို့အတွက် Zoning Map ထွက်ရှိလာပြီဆိုရင် ပြည်သူ တယောက်အနေနဲ့ မိမိနေထိုင်တဲ့နေရာဟာ ဘယ်ဇုန်ထဲမှာ ပါဝင်နေတယ်၊ နေရာနဲ့ အကျယ်အဝန်းပေါ်မှာ မူတည်ပြီး ဘယ်လို အဆောက်အအုံ ဆောက်လုပ်ရမယ်ဆိုတာ သိရှိနိုင်မှာ ဖြစ်သလို စီးပွားရေး လုပ်ငန်း လုပ် မယ်ဆိုရင်လည်း မိမိလုပ်မယ့် စီးပွားရေးက ဘယ်ဇုန်မှာ ပါဝင်နေတယ် ဆိုတာကိုပါ သိရှိနိုင်မှာ ဖြစ်ပါတယ်”ဟု အဆောက်အအုံနှင့် ကုန်ရုံဌာန မှ ခေတ္တဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
မန္တလေး တိုင်းဒေသကြီး အတွင်း ရှေးဟောင်း ယဉ်ကျေးမှု ဇုန်နေရာများ အဖြစ် ပုဂံမြို့ဟောင်း၊ ဝတီးမြို့ဟောင်း၊ ပင်လယ်မြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ မြင်စိုင်းမြို့ဟောင်း၊ မက္ခရာမြို့ဟောင်း၊ ပင်းယမြို့ဟောင်း၊ အင်းဝမြို့ဟောင်း၊ တမုတ် ရွှေဂူကြီး၊ ကုသိုလ်တော်၊ အမရပူရ၊ ဗားကရာ၊ ရွှေကျောင်း၊ အတုမရှိ ကျောင်းတော်ကြီး စသည့် နေရာများကို သတ်မှတ်ထားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီး ဌာနမှ စောင့်ရှောက်ထိန်းသိမ်း ပြုပြင်ထားသည့် စာရင်းများအရ ရှေးဟောင်း အဆောက်အအုံ ၂၁၈ ခု ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဧရိယာအတွင်း၌ ၆၃ ခု ရှိကြောင်း သိရသည်။