သတင်း

ရနောင်းတွင် ကားတိုက်ခံရမှုကြောင့် သေဆုံးသူ မြန်မာ ၆ ဦးအထိ ရှိလာ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ဧပြီလ ၃၀ ရက်နေ့ ဖြစ်ပွားခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အစုလိုက်အပြုံလိုက် ကားတိုက်ခံရမှုကြောင့် သေဆုံးသူ မြန်မာအရေအတွက် ၆ ဦးထိရှိလာကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ SIFCO အအေးခန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများသည် ဧပြီလ ၃၀ ရက်နေ့က အလုပ်သွားရန် အုပ်စုလိုက် ကားစောင့်နေစဉ် သစ်သီးများ တင်ဆောင်လာသည့် ကားတစီး ဘီးပေါက်ပြီး အရှိန်လွန် ကာဝင်တိုက်ခဲ့ပြီး  ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် တဦးထပ်မံသေဆုံးပြီး မေလ ၃ ရက်နေ့ ညပိုင်းက ကိုယ်ဝန် ဆောင် အမျိုးသမီးတဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ သေဆုံးသူ အားလုံးသည် အမျိုးသမီးများဖြစ်ကြောင်း၊ ဆေးရုံတွင် ဒဏ်ရာများနှင့် ဆေးကုသခံယူနေသူ ၅ ဦးရှိနေသေးပြီး တဦးမှာ စိုးရိမ်ဖွယ် အနေအထားတွင် ရှိကြောင်း သိရှိရသည်။

ရွှေ့ပြောင်းအလုပ်သမားများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MWDA) ဥက္ကဌ ကိုဟိန်းထက် က “မနေ့ည ၉ နာရီလောက်က မဒီဒီအောင် ဆိုတဲ့ အမျိုးသမီးတယောက် ထပ်ဆုံးသွားတယ်။ ဆုံးတဲ့ အချိန်သူ့မှာ ကိုယ်ဝန် ၂ လရှိနေပြီ။ သူက သူ့ကိုသူတောင် ကိုယ်ဝန် ရှိနေမှန်းမသိဘူး။ ကားတိုက်မှုနဲ့ ဆေးရုံရောက်မှ ဆရာဝန်တွေပြောပြချက်အရ ကိုယ်ဝန် ၂ လရှိမှန်းသိတာ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထိုက်သင့်သည်လျှော်ကြေး ရရှိရေး အတွက် အလုပ်ရှင်နှင့် အလုပ်သမားအရေးဆောင်ရွက်သူများက ဥပဒေအကြောင်းအရ လိုက်ပါ ဆောင်ရွက်လျက် ရှိသည်ဟု လည်း သိရသည်။

ထို့အပြင် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကလည်း အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းနှင့် အဖွဲ့ဝင်များ စေလွှတ်ကာ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အကူအညီများပေးရန် ဆောင်ရွက်လျှက်ရှိကြောင်း သံရုံးအဖွဲ့ဝင် တဦးအဖြစ်လိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီသို့ ပြောသည်။

ရှေ့နေ ဦးအောင်မျိုးသန့် က “ဒီအလုပ်သမားတွေကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်ကိုယ်တိုင်ကလိုက်ပြီးတော့ အမြင့်ဆုံး လျော်ကြေးရအောင် ကြိုးစားနေကြပါတယ်။ သံရုံးဘက်ကလည်း လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေကို ကူညီပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အလုပ်သမားသံအရာရှိကိုယ်တိုင်လည်း မြန်မာ အစိုးရဘက်က ပေးတဲ့ အကူငွေတွေကိုလည်း တဦးချင်းစီကို မနေ့ညကပေးအပ်ခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများ၏ နာရေးသို့ ရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ထားဝယ်လူမျိုးတိုးတက်ရေး အသင်း၊ ထားဝယ်တိုင်းရင်းသားများပါတီနှင့် တနင်္သာရီတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်တချို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများနှင့် လွမ်းသူ့ပန်းခွေများ ပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

Loading