တရုတ် နယ်စပ်အနီးရှိ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၌ ဧပြီ ၂၄ ရက် နေ့ကတည်းက စတင်ကာ သည်းထန်စွာ ရွာသွန်းသည့်မိုးကြောင့် တောင်ကျရေများ တိုက်စားကာ ကျေးရွာ ၇ ရွာခန့် ပျက်စီးသွားကြောင်း၊ ဒေသခံ လူ ၁ ထောင်ကျော် ပိတ်မိနေကာ စားဝတ်နေရေး ခက်ခဲနေကြောင်း ဆော့လော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ဧရာဝတီသို့ ပြောသည်။
“အပျက်အစီးနဲ့ လူဦးရေ စာရင်းက သေချာ မသိရသေးဘူး။ ပိတ်မိနေတဲ့ ဦးရေ ၁ ထောင်ကျော်ရှိတယ်။ လမ်းတွေ၊ တံတားတွေ ပျက်သွားတယ်။ ရိက္ခာတွေပို့ဖို့ ခက်ခဲနေတယ်” ဟု ဦးလာမာလေးက ဆိုသည်။
ပျက်စီးသွားသည့် ကျေးရွာ ၇ ရွာမှာ လာချင်၊ တထုံကျင်၊ နာပေဖုံ၊ လာကင်၊ ဒပန်ခရွာ၊ ငါးမူးရွာ၊ ချီဝင်းရွာတို့ဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့က တပ်မတော်မှလည်း ရဟတ်ယာဉ်နှင့် အရေးပေါ် ပစ္စည်းများကို ၂ ကြိမ်တိုင် သွားရောက် ကူညီခဲ့သည် ဟုလည်း သိရသည်။
ရေကြီးမှု ဖြစ်ပွားရသည့် အဓိက ပြဿနာနှင့် ပတ်သက်ပြီး ဦးလာမာလေးက “ကျနော်အမြင်အရ ပြောရရင် ရာသီဥတုက ခါတိုင်းနှစ်နဲ့ မတူသလို၊ သစ်ပင် အမြစ်လိုက် ခုတ်တာလည်း ပါတယ်။ သတ္တုတွင်း တူးတာလည်း ပါတယ်။ သစ်ခုတ်တာလည်း ပါတယ်။ ကျနော်ကလည်း ဆောလော်ဒေသ ကိုယ်စားလှယ်ဆိုတော့ စည်းရုံးရေး သွားတဲ့အခါ မြင်ခဲ့တာပြောပြတာပါ” ဟု ပြောသည်။
ထိုဒေသတွင် ပျက်စီးသည့် ရွာကိုသွားရန်မှာ တံတား ၈ စင်း ရေထဲမျှောပါသွားသဖြင့် သွားရန် မလွယ်ကူကြောင်း၊ ထိုနေရာကို သွားရောက်ကူညီရန်အတွက် သက်ဆိုင်ရာကို အကူအညီတောင်းနေကြောင်းလည်း ဦးလာမာလေးက ထပ်မံပြောသည်။
“လမ်းက ဆိုင်ကယ်နဲ့တောင် မပေါက်သေးဘူး။ ကချင်ပြည်နယ် အစိုးရတွေ တက်သွားပါပြီ။ လမ်းတဝက်ပဲ ရောက်သေးတယ်။ ဟိုကို မရောက်သေးဘူး။ သွားလာဖို့ ကူညီဖို့ ခက်ခဲနေတယ်” ဟုလည်း ဆော့လော်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ဦးဆာကီးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် ပူပြင်းသော အပူချိန်ကြောင့် မိုးကြိုကာလတွင် မိုးတိမ်တောင်များ ဖြစ်ပွားပြီး မိုးတိမ်တောင်များ အားကောင်းမှုကြောင့် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့် သစ်ပင်ပိခြင်းကြောင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။
ရာသီဥတု အခြေအနေများ၊ ကြိုတင် ကာကွယ်ရန်၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ပတ်သက်ပြီး မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က “မိုးတိမ်တောင်ဖြစ်တာကို မဖြစ်အောင် လုပ်လို့မရဘူး။ တခုရှိတာက မိုးကြိုးပစ်တတ်တော့ မိုးကြိုး ကာကွယ်အောင် လယ်ကွယ်တွေ ဟင်လင်းပြင်တွေမှာ မနေဖို့၊ တယ်လီဖုန်း မပြောဖို့ အရေးကြီးတယ်။ ကိုယ်နေတဲ့နေရာက မြေပြိုတတ်လား၊ ပြိုတတ်ရင် ဘေးကင်းရာရွှေ့ပါ။ တောင်ပေါ်ဒေသဆိုရင် မိုးရွာလာရင် အနိမ့်ပိုင်းကို ရေကျတော့ မြစ်ချောင်းနားနေသူတွေ ဘေးကင်းရွှေ့ပေးပါ” ဟု အကြံပြုသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်း ၅ ခုမှ နေအိမ်များသည် ဧပြီး ၁၉ ရက် နေ့လည်ပိုင်းတွင် လေပြင်းတိုက်ရာမှ ပျက်စီးသွားသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် နေစရာ ခက်ခဲနေကြောင်း သိရသည်။