ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသရှိ မုန်းဝန်းတရုတ် လူမျိုးများကို နိုင်ငံသားကတ် ထုတ်ပေးရခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားရာ၌ တပ်မတော်ဘက်မှ ပူးပေါင်းပါဝင်ခဲ့ခြင်းကြောင့် ထုတ်ပေးခြင်းဖြစ်သည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ပြည်ထောင်စု ဝန်ကြီး ဦးတင်ရွှေက လွှတ်တော်တွင် ပြောသည်။
နေပြည်တော်၌ ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် သီပေါမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးစိုင်းသန့်ဇင်က ၂၀၁၆ ခုနှစ် မတ်လအတွင်း လဝက မှ တာမိုးညဲဒေသတွင် နေထိုင်သည့် မုန်းဝန်းတရုတ်လူမျိုးများကို မုန်းဝန်းဗမာ တိုင်းရင်းသားလူမျိုး တမျိုးအဖြစ် အတည်ပြုပေးထားခြင်း ရှိ မရှိနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ရွှေ က ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေး တာဝန်များမှာ နိုင်ငံတော်အစိုးရ အဆက်ဆက်နဲ့ လက်တွဲပြီး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ပြီးတော့ လက်နက်ကိုင် သောင်းကျန်းတဲ့သူများကို တပ်မတော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခြင်းများ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူမျိုးတမျိုး ဖြစ်ပါတယ်”ဟု ဦးတင်ရွှေက ဆိုသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေသည့် မုန်းဝန်း တရုတ်လူမျိုးများအား ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများအရ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ခွင့်ရသူများအဖြစ် အစိုးရက သတ် မှတ် ခဲ့သဖြင့် နိုင်ငံသား စိစစ်ရေး ကတ်များ ထုတ်ပေးထားခြင်း ဖြစ်သည်ဟုလည်း ဦးတင်ရွှေက ပြောသည်။
ထို့အပြင် မုန်းဝန်းတရုတ် လူမျိုးများသည် မြန်မာနိုင်ငံတွင် အစဉ်အဆက် နေထိုင်သူများဖြစ်ခြင်းကြောင့် ၁၉၈၂ ခုနှစ်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မုန်းဝန်းတရုတ်များကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးထားသော်လည်း တိုင်းရင်းသား မျိုးနွယ်စု တစုအနေဖြင့် သတ်မှတ် ထားခြင်း မရှိကြောင်း သိရသည်။
၁၉၈၂ ခုနှစ်က မုန်းဝန်း တရုတ်လူမျိုးများကို မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်များ ထုတ်ပေးရာတွင် အဆိုပါ ကတ်များ၌ လူမျိုးဟူ သည့် ဖြည့်စွက်ရမည့် နေရာတွင် မုန်းဝန်းတရုတ်၊ တရုတ်မုန်းဝန်း၊ မုန်းဝန်းဗမာ၊ မုန်းဝန်း၊ ဗမာ(မုန်းဝန်း) ၊ မုန်းဝန်း+တရုတ်၊ မုန်းဝန်း+ကိုးကန့် ၊ မုန်းဝန်း+ (တိုင်းရင်းသား) ဟူ၍ ၈ မျိုး ဖြင့် အမျိုးမျိုး ကွဲပြားစွာ ရေးသားထားသည်ကို တွေ့ရသည်။
၂၀၁၆ ခုနှစ် မတ်လတွင် သမ္မတဟောင်း ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လဝက က ထိုကဲ့သို့ အမည် ၈ မျိုးဖြင့် ကွဲပြားနေသည့် မုန်းဝန်းလူမျိုးများကို မုန်းဝန်းဗမာဟူ၍ တပြေးညီ အမည်ပြောင်းလဲခွင့် ပေးခဲ့ပြီး နိုင်ငံသား မှတ်ပုံတင်ကတ်များ ပြန်လည်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသား နိုင်ငံရေး အသိုင်းအဝိုင်းက မုန်းဝန်းတရုတ်များသည် တရုတ်နိုင်ငံအတွင်း ကွန်မြူနစ်နှင့် ကူမင်တန်တပ်များ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ရှုံးပြီး မြန်မာနိုင်ငံနယ်စပ်ကို ထွက်ပြေးလာသည့် ကူမင်တန်တပ်ဖွဲ့ဝင် မိသားစုများဖြစ်သည်ဟု ဝေဖန်ပြော ဆိုကြသည်။
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က မုန်းဝန်း တရုတ်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသားများဖြစ်ပြီး ဘာသာစကားမတူ၊ အသား အရောင်မတူ ၊ ဓလေ့ ရိုးရာမတူသူများ ဖြစ်သည်ဟု ပြောသည်။
ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ပြောရေး ဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကလည်း ထိုကဲ့သို့ မုံဝန်းတရုတ်များအား နိုင်ငံသား မှတ်ပုံတင်ကတ်များ ထုတ်ပေးခြင်းသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ မကြာခဏဖြစ်ပွားနေသည့် တိုက်ပွဲများ၌ တပ်မတော်သည် နောက်ကွယ်မှ နိုင်ငံရေးကစားနေခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုခဲ့ သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ပင်လုံ ကတိကဝတ်များ မရှိသေးသဖြင့် နိုင်ငံရေးအရ လက်နက်ကိုင် တော်လှန်နေသူများဖြစ်ပြီး ထိုကဲ့သို့ တိုင်းရင်းသား အဖွဲ့များကို နှိပ်ကွပ်ရန် ကူညီသူများအား နိုင်ငံသားဖြစ်ခွင့်ပေးသည်မှာ မှားယွင်းသည့် ကိစ္စရပ် ဖြစ် သည်ဟု SNLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွှန့်က ဆိုသည်။
ဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန် လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ဦးစိုင်းကျော်ညွှန့်က ဆက်ပြောသည်။
“ကျနော်တို့ဌာနေ ရှမ်းတော်တော်များများတောင် မှတ်ပုံတင်မရသေးတာတွေ အများကြီး ရှိနေတယ်။ ဒါကို ဦးစားပေး မလုပ်ဘဲ ဘာဖြစ်လို့ တခြားပဋိပက္ခဖြစ်မယ့် အရာတွေကို ဆုံးဖြတ်ရလဲဆိုတာတော့ မေးခွန်း ထုတ်စရာပါ”ဟုလည်း ဦးစိုင်းကျော်ညွှန့်က ပြော ဆို သည်။
မုန်းဝန်း တရုတ်လူမျိုးသည် ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ထားပြီး ခန့်မှန်းခြေလူအင်အား ၁၀၀ ကျော်ရှိကြောင်း၊ ထိုပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်နှင့် တာမိုးညဲဒေသ တဝိုက်တွင် လှုပ်ရှားနေပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား စုံစမ်းထောက်လှမ်း၍ အစိုးရတပ်မတော်ကို သတင်းပေးခြင်း၊ ကူညီတိုက်ခိုက်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲဒေသ တဝိုက်တွင် ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)၊ TNLA နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တပ်ဖွဲ့များ ရှိနေပြီး အစိုးရ တပ်မတော်နှင့်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
မုန်းဝန်း တရုတ်ပြည်သူ့စစ် အဖွဲ့ကို ဦးမြင့်လွင်က ဦးစီးပြီး ၎င်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်စိုက်ပျိုးမှု လုပ်ငန်းများတွင် ပါဝင် နေ သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။