မန္တလေးတိုင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်းများတွင် အရည်အသွေး မပြည့်မီပါက အရေးယူ သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ကော်မတီဝင် (၆) ဦးထွန်းကြည်က ပြောသည်။
ငွေကျပ်သိန်း ၉ သောင်းကျော် သုံးစွဲမည့် မန္တလေးမြို့မှ လမ်းတံတားလုပ်ငန်း ၅၈ ခုအတွက် မန်းစည်ပင် ကော်မတီက ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမဏီများသို့ လုပ်ပိုင်ခွင့်ချထားပေးမည်ဖြစ်ရာ မေ ၃ ရက်က မန္တလေးမြို့တော်ခန်းမတွင် ဆောက်လုပ်ရေး ကုမ္ပဏီ များနှင့် တွေ့ဆုံစဉ် ထိုသို့ပြောဆိုခြင်း ဖြစ်သည်။
ဦးထွန်းကြည်က“အရင်က လုပ်ခဲ့တဲ့ ကုမ္ပဏီတော်တော်များများက အမြတ်တခုရဖို့အတွက် ဖြစ်ကတတ်ဆန်း လုပ်သွားကြတာများတယ်၊ အခုတော့ သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီရင် အတိုင်းအတာ တခုအထိ အရေးယူဖို့ လုပ်ပါမယ်”ဟု ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း လမ်းလုပ်ငန်းနှင့် ပတ်သက်ပြီး သတ်မှတ်အရည်အသွေးနှင့် မပြည့်မီသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၂ ခုကို နာမည်ပျက် စာရင်း (Black List) သွင်း၍ အရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ သိရသည်။
လာမည့်သီတင်းပတ်မှ စတင်၍ လမ်း ၃၈ ခု၊ တံတား ၂၀ ပါဝင်သည့် လုပ်ငန်းပေါင်း ၅၈ ခုအား ရက် ၁၀၀ အတွင်း အပြီးဆောင်ရွက် မည်ဖြစ်ရာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင်က ရက် ၁၀၀ အတွင်း ဆောင်ရွက် ရမည် ဖြစ်၍ လုပ်ပိုင်ခွင့်လျှောက်သည့် ကုမ္ပဏီများ အနေနှင့် ကိုယ်ပိုင်ယန္တရားများ ပြည့်စုံရန်၊ ငွေအင်အား၊ လူအင်အားရှိရန် လိုအပ် သည်ဟု ပြောသည်။
ခိုင်မာသောပန်းတိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးထွန်းထွန်းလင်းက“လမ်းချဲ့တဲ့အခါ လမ်းနဲ့မလွတ်တဲ့ ဖုန်းတိုင်၊ မီးတိုင်တွေကို ဖယ်ဖို့အတွက် သက်ဆိုင်တဲ့ ဌာနတွေနဲ့ ချိတ်ဆက် လုပ်ကိုင်ရတဲ့ နေ ရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ကြုံရပါတယ်။ အဲဒါလေး တွေ အဆင်ပြေအောင် ဖြေရှင်းပေးစေချင်ပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ လမ်းတံတား လုပ်ငန်းများ လုပ်ကိုင်လိုသည့် လိုင်စင်ရ ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် မေ ၅ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံး ထား၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လျှောက်ထားနိုင်မည်ဟု သတင်းစာတွင် ထည့်သွင်း ကြေညာထား သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်ရေး အဖွဲ့ဖွဲ့၍ လျှောက်ထားသည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး လုပ်ငန်းပြီးဆုံးရက်အား ယခုနှစ် ဇွန်လကုန်ဟု သတ်မှတ်ထားကြောင်း လမ်းတံတားဌာနမှ သိရသည်။