အစိုးရ သစ်လက်ထက် အတွင်း မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ကို စတင်လုပ်ဆောင်နေကြောင်း တိုင်းရဲတပ်ဖွဲ့ ထံက သိရသည်။
မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ မှုခင်းအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အတွက် အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ကို မေလ ၁ ရက် မှ စတင် လုပ်ဆောင်နေခြင်းဖြစ်သည်။
“နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူတွေ၊ ထောင်ကျပြီး ပြန်လွတ်လာတဲ့နောက်ပိုင်း ကောင်းရောင်းကောင်းဝယ် မလုပ်ဘဲ ခြေရှုပ်နေတဲ့သူတွေ ကို ခြေချုပ်နဲ့ ပြန်ဖမ်းတယ်။ စောင့်ကြည့်နေတယ်။ တချို့လူတွေကိုလည်း ထိန်းသိမ်းထားတာမျိုး ရှိတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ လုပ်တာပါ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွဋ် က ဧရာဝတီ သို့ပြောသည်။
ဆက်လက်၍ သူက “အဓိက က မှုခင်းကျဆင်းရေးကို လုပ်တာပါ။ သတင်းဖလှယ်မှုတွေလည်း လုပ်တယ်။ ကြိုတင်ကာကွယ်မှုတွေလည်း လုပ်တော့ ခိုးမှုတွေဘာတွေတော့ လျော့သွားပါတယ်။ ပြည့်တန်ဆာမှု၊ အရက်ပုန်းရောင်းတာတွေ က အစ ရှာဖွေဖော်ထုတ် ဖမ်းဆီးနေတယ်” ဟု ရှင်းပြသည်။
ရဲတပ်ဖွဲ့ ၏ ရက် ၁၀၀ စီမံချက် အနေဖြင့် မြို့နယ် နှင့် ရပ်ကွက်များ တွင် မှုခင်း အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မှုးယစ်ဆေးဝါး အန္တရာယ်လျှော့ကျရေး ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ လှည့်ကင်းများ ဆောင်ရွက်ခြင်း၊ နာမည်ဆိုးဖြင့် ကျော်ကြားသူများ၊ ထောင်ထွက်လူမိုက်များ နှင့် လူဆိုးသူခိုးများကို အရပ်ဝတ်ဖြင့် နယ်ထိန်းများ က စောင့်ကြည့်အကဲခတ်ခြင်း၊ လေ့လာခြင်းများ ပြုလုပ်ကာ အရေးယူခြင်း၊ ခြေချုပ် ခံဝန်ဖြင့်ထားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ စီမံချက်ကို ရန်ကုန်တိုင်း ဒေသကြီး တွင်သာမက အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြည့်မြင်တိုင် မြို့နယ်တွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်း၊ သာကေတမြို့နယ်ရှိ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ဦးခေါင်းဖြတ်၍ အသတ်ခံရခြင်း၊ အသက် ၂၀ အရွယ် အမျိုးသားတဦး ရိုက်နှက်ခံရပြီး အသတ်ခံရခြင်း၊ သမီးရည်းစား အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှုများလည်း ဖြစ်ပွားခဲ့သေးသည်။