သမ္မတ ဦးထင်ကျော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ညှိနှိုင်းရေးအဖွဲ့ ဦးဆောင်သူ ဖြစ်လာနိုင်ကြောင်း သတင်းထွက်နေသည့် ဒေါက်တာ တင်မျိုးဝင်းနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ Green Hill Hotel ၌ ပြီးခဲ့သည့် မေလ ၄ ရက်နေ့ တွေ့ဆုံမှုတွင် အပစ်ရပ် ၈ ဖွဲ့က ယခင်အစိုးရ လက်ထက် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စသည့်အဖွဲ့များကို ပြန်လည် ဖွဲ့စည်းနိုင်ရန် အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က “အနာဂတ်မှာ UPDJC နဲ့ JICM တို့ကို ဖွဲ့စည်းသင့်တယ်လို့ ဒီဘက်ကမြင်တဲ့အကြောင်းကို ကျမတို့ဘက်က တင်ပြတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
JMCI နှင့် UPDJC အဖွဲ့များကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဖွဲ့စည်းခဲ့ပြီး၊ ထိုအထဲတွင် အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများပါဝင်သည်။
ထိုအဖွဲ့များကို အစိုးရသစ်လက်ထက် ပြန်လည်ဖွဲ့စည်းပေးရန် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒေါက်တာ တင်မျိုးဝင်းမှတဆင့် စာတစောင်ပေးပို့ခဲ့သည်ဟု သိရသည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းထားသည့် ၂၁ ရာစုပင်လုံနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ ပြောဆိုနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (Union Peace Conference) သည်လည်း အတူတူပင် ဖြစ်လိမ့်မည်ဟု မျှော်မှန်းကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
ဒေါ်စောမြရာဇာလင်းက “ဒေါက်တာ တင်မျိုးဝင်းကို ဖိတ်ခေါ်ပြီးတော့ လက်ရှိအခြေအနေတွေကို ရှင်းပြတယ်။ သူကလည်း Mandate ပါမလာဘူး။ သူ့ကို သီးသန့် ခန့်ထားမျိုး မရှိသေးဘူးဆိုပြီး ပြောတယ်။ ဒါပေမယ့် အားလုံးကတော့ အနာဂတ် နိုင်ငံရေးကို အေးအေးဆေးဆေးပဲ ချီတက်သွားဖို့ဆိုပြီး ဆွေးနွေးကြတာဖြစ်ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ နေပြည်တော် Horizon Lake View Hotel တွင် ပြုလုပ်ခဲ့သော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထာဝရငြိမ်းချမ်းရေး ရရှိရေးနှင့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အမြန်ဆုံး ဆောင်ရွက်မည်ကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူများကို ထည့်သွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခင်သဘောတူ ထားသည့် အချက်များကိုလည်း လိုအပ်ချက်များကို ပြုပြင်ပြောင်းလဲမှုများ၊ ဖြည့်စွက်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုကြောင်းနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ကိုလည်း ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ဖွဲ့စည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
အပစ်ရပ် လက်နက်ကိုင် ၈ ဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့ကြပြီးနောက် JMCI, UPDJC နှင့် JMC အဖွဲ့များကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။