ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ပလောင် (တအောင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသဖြင့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
မေလ ၁ ရက်နေ့ က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားလာရာ စစ်ဘေးရှောင် ဒုက္ခသည် များမှာ ကျောက်မဲမြို့နယ်တွင် ၇၆၉ ဦး နှင့် သီပေါမြို့နယ်တွင် ၂၀၀ ကျော် တို့မှာ မြို့နယ် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ မြို့နယ်ရှိ လူမှု ကူညီရေး အသင်းများက ကူညီဆောင်ရွက် ပေးနေကြောင်း ကျောက်မဲမြို့၊ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်း က ဧရာဝတီသို့ ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို ကျောက်မဲမြို့နယ် ရှိ ဘုန်းကြီးကျောင်းများတွင် နေရာချထားပေးပြီး ဒုက္ခသည်များမှာ ဟူးဇွန်ကျေးရွာ၊ တွန်ဟိုက်ကျေးရွာ၊ မန်းဂေါက်ကျေးရွာ၊ ပုံလုံကျေးရွာနှင့် ပန်ဟုတ်ကျေးရွာ တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
“ ဒုက္ခသည်တွေ နေတဲ့နေရာက ကျောက်မဲနဲ့ ၁၆ မိုင် ဝေးပါတယ်။ အခု လောလောဆယ် စားဝတ်နေရေး ကတော့ ကျနော်တို့ မြို့နယ် ပရဟိတ အသင်းတွေက ကျွေးမွေးထားပါတယ်။ အခက်အခဲ မရှိပေမယ့် ရက်တွေ ဘယ်လောက်ကြာမလဲ ဆိုတာ မသိရသေးဘူး။ ဒုက္ခသည်တွေ နောက်ထပ် ဝင်လာမယ်လို့ ကြားပါတယ်” ဟု ဦးတင်မောင်သိန်းက ဆိုသည်။
ပုံလုံကျေးရွာအုပ်စု၊ ဟူးဇွန်ကျေးရွာမှ ဒေသခံ အမျိုးသားတဦးကလည်း “ သေနတ်သံတွေ ခဏခဏ ကြား နေရတယ်။ အသံက တော်တော်ကျယ်တယ်။ ရွာနဲ့ နီးနေတော့ ကြောက်လို့ထွက်ပြေးလာတာပါ” ဟု ဧရာဝတီသို့ပြောသည်။
လက်ရှိ TNLA နှင့် RCSS/SSA တို့သည် နမ့်ခမ်းနှင့် မန်တုံးကြားတွင် တိုက်ပွဲများ နေ့စဉ် ပြင်းထန်စွာ ဖြစ်ပွားနေ သဖြင့် စစ်ဘေးရှောင် ဒုက္ခသည်တချို့ မြို့ပေါ်သို့ ရောက်ရှိလာသော်လည်း တချို့မှာ တောထဲတွင် ခိုအောင်း နေဆဲ ဖြစ်ကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ကို အတိအကျ ပြောရန် ခက်ခဲနေကြောင်း တအောင်း ကျောင်းသားနှင့် လူငယ် များအဖွဲ့ (TSYU) မှ အဖွဲ့ဝင် မိုင်းမျိုးအောင် က ရှင်းပြသည်။
“အခုတော့ စာရင်း ပြုစုနေတုန်းပါပဲ။ ကျနော် အထင်တော့ နမ့်ခမ်းဘက်ကလည်း ပါမယ် ဆိုရင် ၂၀၀၀ နီးပါး ရှိမယ်။ လောလောဆယ် အရေးပေါ် စားဖို့ နေဖို့ပဲ ကူညီနိုင်တယ်။ တောထဲမှာလည်း ကျန်နေတာ တွေရှိတယ်။ သူတို့ကို ဒုက္ခသည် စခန်းမှာ နေလို့ရအောင် သွားခေါ်ဖို့ရှိပါတယ်။ တောထဲမှာနေရင် သူတို့ အတွက် ညအန္တရာယ်လည်း များတယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ တိုက်ပွဲ ဖြစ်ပွားနေခြင်း ကို အမြန်ဆုံး ရပ်တန့်စေချင်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း ဖြစ်သည့်အတွက် လူမျိုးရေး ပြဿနာ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်ကြောင်း ၎င်းက ထပ်မံပြောသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မှ စတင်ကာ ယင်း လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ အချင်းချင်း တိုက်ပွဲပြင်းထန်နေသဖြင့် ဒုက္ခသည် ၄ ထောင်ကျော် စစ်ဘေးရှောင်ရန် ထွက်ပြေးခဲ့ရကြောင်း သိရသည်။