ဗကသ (ဗဟိုလုပ်ငန်း ကော်မတီ) ၏ တတိယအကြိမ် စုံညီအစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေ ၆ ရက်က ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း တရားဝင်ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ ဗဟိုလုပ်ငန်း ကော်မတီဝင်တွေ အားလုံးဟာ အသက်အရွယ်အရရော၊ ကိုယ်ပိုင်အသီးသီးရှိနေတဲ့ ကိစ္စတွေအရရော လက်ရှိ ကျောင်းသမဂ္ဂတွေမှာ ဆက်ပြီး ဝင်ရောက်လှုပ်ရှားဖို့က ကျနော်တို့မှာ အခက်အခဲရှိတယ်။ ဒါကြောင့် ဗဟိုလုပ်ငန်း ကော်မတီတခုလုံးရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ နောက် ၆ လ အလွန်ဆုံးပဲ။ ၆ လပြည့်တာနဲ့ ကျနော်တို့ ဗဟိုလုပ်ငန်းကော်မတီကို တရားဝင်ဖျက်သိမ်းပြီး ကျောင်းသားအငယ်တွေ လက်ထဲကို လွှဲပေးမှာဖြစ်ပါတယ်” ဟု ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုအောင်မှိုင်းဆန်းက ပြောသည်။
မေ ၂ ရက်တွင် ပြုလုပ်ခဲ့သည့် ဗကသ (ဗဟိုလုပ်ငန်း ကော်မတီ) အစည်းအဝေးတွင် နိုင်လုံးဆိုင်ရာ ကျောင်းသားထု ညီလာခံ ခေါ်ယူကျင်းပနိုင်ရေး၊ တိုင်းရင်းသား ကျောင်းသမဂ္ဂများ အရေး၊ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂ အသီးသီး၏ တရားဝင် ရပ်တည်လှုပ်ရှားရေး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံနိုင်ရေး အပါအဝင် အချက် ၉ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျောင်းသားထုညီလာခံ ခေါ်ယူကျင်းပနိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် လာမည့် ဇူလိုင် ၂ ရက်၊ ၃ ရက်တွင် နိုင်ငံတဝှမ်းရှိ တက္ကသိုလ်ကျောင်းမှ ကျောင်းသား ကိုယ်စားလှယ်များ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသားကိုယ် စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် နောက်ထပ် ၂ လကြာပြီးသည့် အချိန်တွင် ခရိုင်ကျောင်းသားသမဂ္ဂများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု ကိုအောင်မှိုင်းဆန်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ခရိုင်ကျောင်းသား သမဂ္ဂများ တွေ့ဆုံပွဲတွင် ညီလာခံကျင်းပရေး ကော်မတီတရပ်ကို ဖွဲ့စည်းပြီးနောက် ညီလာခံကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့ ကျင်းပမည်ဆိုသည်ကို အသေးစိတ် ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ ယခု အချိန်မှ ၆ လကြာသည့်အချိန်တွင် ဗဟိုလုပ်ငန်းကော်မတီကို တရားဝင်ဖျက်သိမ်းပြီး ညီလာခံ ကျင်းပရေးကော်မတီကို လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
ဗဟိုလုပ်ငန်းကော်မတီ ဖျက်သိမ်းပြီးနောက်ပိုင်းတွင် ကော်မတီဝင်များ အနေဖြင့် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍတွင် မည်သို့ပါဝင် ဆောင်ရွက်သွားမည်ကိုမူ လတ်တလော မစဉ်းစားရသေးကြောင်း ကော်မတီဝင်များက ပြောသည်။
ဗဟိုလုပ်ငန်းကော်မတီသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံနိုင်ရေးအတွက် မေ ၅ ရက်တွင် တရားဝင် စာပို့ထားပြီးဖြစ်ပြီး မည့်သည့်အချိန်တွင် တွေ့ခွင့်ရမည်ကိုမူ မပြောနိုင်သေးကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါက ပညာရေးပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် တောင်းဆိုထားချက်များ၊ ကျောင်းသားသမဂ္ဂများ တရားဝင် ရပ်တည်လှုပ်ရှားခွင့် ရရှိရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗဟိုလုပ်ငန်း ကော်မတီဝင် မဖြိုးဖြိုးအောင်က ရှင်းပြသည်။
“လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ အနေအထားဟာ တကယ်မူဝါဒတွေကို ချမှတ်တဲ့သူဖြစ်တယ်။ နောက်တခုက ပညာရေး ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာလည်း အကြံဉာဏ်ပေးနိုင်မယ်လို့ ယူဆတဲ့အတွက် စပြီးကမ်းလှမ်းတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရေစီ ပညာရေး သပိတ်မှောက်မှုတွင် ပါဝင်ခဲ့သည့် ဗကသအဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်းကော်မတီဝင် အများစုသည် ၂၀၁၆၊ ဧပြီ ၈ ရက်တွင် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြပြီးနောက် တတိယအကြိမ် စုံညီအစည်းအဝေးကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။
အမျိုးသားပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍လည်း ဗကသအနေဖြင့် ထုတ်ပြန်ထားသည့် မူများအတိုင်း ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး ဥပဒေကို သပိတ်မှောက်ခြင်းဖြစ်သည့်အတွက် မည်သည့် အစိုးရတက်တက် တောင်းဆိုထားသည့် အချက်များ မရမချင်း ဥပဒေကို သပိတ်မှောက်သွားမည် ဖြစ်ကြောင်း ဗဟိုလုပ်ငန်း ကော်မတီဝင်များက ပြောသည်။