ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာတပ်မတော်တို့ ဖြစ်ပွားနေသော တိုက်ပွဲများမှာ အဆုံး မသတ်သေးသည့် အတွက် စစ်ဘေးဒုက္ခသည်အရေအတွက်မှာ များပြားလာပြီး အရေအတွက်အားဖြင့် ဒုက္ခသည် ၁၇၀၀ ဦးကျော် ရှိလာကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအုပ်စု င/ စရိုင်းကိုင်းကျေးရွာသို့ မေလ ၅ ရက်နေ့က စစ်ဘေး ဒုက္ခသည်များ ထပ်မံ ရောက်ရှိလာကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များမှာ
ပုဏ္ဏားကျွန်းမြို့နယ် လောရမ တောင်တန်းအနီး ဂင်ပိ ကျေးရွာမှ ဖြစ်ပြီး အိမ်ထောင်စု ၁၀ ခု ၊ လူဦးရေ ၃၆ ဦးတို့ ပါဝင်လာကြောင်း သိရှိရသည်။
စစ်ဘေးရှောင်ဒုက္ခသည်ဖြစ်သူ ဂင်ပိ ကျေးရွာသူ မစပယ်ဖြူ က “ ကျမတို့ တိုက်ပွဲ ဖြစ်ကတည်းက ရွာမှာပဲ နေရတယ်။ ဘယ်မှ သွားလို့ မရဘူး ။ကျမတို့ ရွာသားတွေ ဆန်မရှိတော့လို့ ပိန္နဲသီး ခူးပြီး ချက်စားရတယ်။ အဲလိုပဲ ၃ရက်လောက် စားခဲ့ရတယ်။ တခြားနေရာကိုလည်း ဈေး ဝယ်ဖို့ မသွားရဲကြဘူး။ တောထဲလည်း ဝင်လို့ မရဘူး။ လူမှားမယ် ဆိုပြီး အစိုးရတပ်က ပြောတယ်။ ကလေးတွေ ထမင်း မဝတော့ ငိုတယ်။ လူကြီးတွေလည်း မခံနိုင်ကြတော့ဘူး။ အဲဒါနဲ့ဒီဘက်ရွာကို လာခဲ့တာ ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ င/ စရိုင်းကိုင်း ကျေးရွာတွင် မေလ ၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆည် တောင်ကျေး ရွာမှ စစ်ဘေးရှောင် ၂၀၄ ဦး ဝင်ရောက် ခုံလှုံလျှက် ရှိရာ နောက်ထပ် ရောက် ရှိလာသည့် ဂင်ပိ ကျေးရွာသား များနှင့် ပေါင်းလျှင် စုစုပေါင်း စစ်ဘေးဒုက္ခသည် ၂၄၀ ဦး ရှိကြောင်း သိရသည်။
ယင်း စစ်ဘေးရှောင် ၂၄၀ ဦးထဲတွင် ကိုယ်ဝန်အရင့် အမာနှင့် အမျိုသမီး ၈ ဦး ပါဝင်လာခဲ့သည့် အတွက် နေထိုင် စရာများ ၊ စားနပ်ရိက္ခာများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေကြောင်း၊ င/ စရိုင်းကိုင်း ကျေးရွာ သို့ ဝင်ရောက် ခိုလှုံနေသော မိသားစုများသည် ရွာလယ် သစ်ပင်များ အောက်တွင် ဖြစ်သလို တဲထိုး နေထိုင်နေရကြောင်း၊ ၎င်းတို့ အတွက် အရေးပေါ် နေထိုင်စရာနှင့် စားနပ် ရိက္ခာ အကူအညီများ လိုအပ်နေပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် လည်း ထိုစစ်ဘေးရှောင် ဒုက္ခသည်များကို လာရောက် ထောက်ပံ့ခြင်းများ မရှိသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာ အုပ်စုတွင် သလူချောင်းကျေးရွာ ၊ ပညာ၀ ကျေးရွာ ၊ င/စရိုင်းကိုင်း ကျေးရွာ စသည့်ကျေးရွာ ၃ ရွာတွင် စုစုပေါင်း စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ထိ ဝင်ရောက် ခိုလှုံနေကြ ရပြီး ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာ့တပ်မတော်တို့ ဧပြီလ ၁၆ ရက်နေ့ကစတင် ဖြစ်ပွား ခဲ့သော တိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ် ၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ ကျောက်တော်မြို့နယ် စသည့် မြို့နယ် ၄ မြို့နယ်
တွင် စစ်ရှောင်ဒုက္ခသည် ၁၇၀၀ ကျော် ထိ တိုးပွားလာနေကြောင်း ရခိုင်လှုမှု အဖွဲ့အစည်းများထံမှ သိရသည်။
ရခိုင်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲ များ ရပ်တန့်ပြီး ရက္ခိုင့်တပ်မတေ်ာ ( AA ) အား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သင့် ကြောင့် အမျိုးသားလွှတ်တော် တွင် လွှတ်တော်ကိုယ် စားလှယ် ဦးဝေစိန်အောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အရေးကြီး အဆို တင်သွင်းခဲ့ရာ လွှတ်တော်ကဆွေးနွေးခြင်း မပြုဘဲ မှတ်တမ်း တင် ရန် ဆုံးဖြတ်ခဲ့သည်။