တရုတ်-မြန်မာ နယ်စပ် မိုင်းလားမြို့နယ်အတွင်းတွင် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့ ၏ ယမ်းဂိုဒေါင်တခု ယနေ့မနက် ၈ နာရီခန့်က ပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း NDAA အဖွဲ့က အတည်ပြုပြောဆိုသော်လည်း ဒေသခံများ၏ အဆိုအရ သေဆုံးနှင့်ဒဏ်ရာရရှိသူ များပြားနိုင်ကြောင်း သတင်း ရရှိသည်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် တရုတ်နိုင်ငံ Daluo မြို့နယ်နှင့် ကီလိုမီတာ ၁၀၀ ခန့်သာကွာဝေးပြီး တရုတ်-မြန်မာ နယ်စပ်မှတ်တိုင် ၂၁၈ တွင်ဖြစ်ကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင် ၂ ဦးသေဆုံးပြီး ၆ ဦးဆေးရုံတင်ထားရကြောင်း NDAA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မောင် က ဧရာဝတီသို့ ပြောသည်။
ဦးကြည်မောင် က “ကျနော်တို့လူတွေပေါ့လေ ျှာ့လို့ ဖြစ်တာပါ။ ကျနော်တို့ သတ္ထုတူးဖော်ရေးနဲ့ လမ်းတည်ဆောက်ရေး နေရာမှာ အသုံးလိုတဲ့ ယမ်းထုပ်တွေပါ။ ထားသိုတာလည်း ပေါ့လေ ျှာ့ လို့ ရာသီဥတုကလည်းပူတော့ ပေါက်ကွဲမှုပြင်းထန်တယ်။ ပတ်ဝန်း ကျင် ရော၊ ကျနော်တို့လူတွေရော ထိခိုက်မှုများတယ်။ စိတ်ညစ်စရာကောင်းပါတယ်။ လုံးဝ မဖြစ်သင့်တဲ့ဟာဖြစ်သွား တာ” ဟု ဧရာဝတီသို့ပြောသည်။
မိုင်းလားမြို့ခံအချို့၏ ပြောဆိုချက်အရ အဆိုပါနေရာသည် NDAA အဖွဲ့ဝင်များ စောင့်ကြပ်သည့်နေရာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးခန့် သေဆုံးပြီး ၄၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဂိုဒေါင် အနီးရှိ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အနီးဝန်းကျင်က အိမ်အချို့ ပေါက်ကွဲမှု၊ တုန်ခါမှုများကြောင့် ပြိုကျ ပျက်စီးခဲ့ရကြောင်း ဧရာဝတီသို့ပြောသည်။
မိုင်းလားမြို့ခံတဦးက “ပေါက်ကွဲမှုကတော်တော်ပြင်းတယ်။ တမိုင်လောက်ဝေးတဲ့ နေရာက အိမ်တွေတောင် တုန်ခါပြီး ပြူတင်း ပေါက် မှန်တွေကွဲကုန်တယ်။ အနီးအနားက တိုက်တွေကတော့ အကုန်ထိခိုက်ကုန်တယ်။ လူတွေလည်း သေတယ်။ အခု အဲဒီနားကို မိုင်းလား တပ်တွေစောင့်နေတယ်။ အပြင်လူတွေသွားလို့မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးကြည်မောင် ကလည်း “ဖောက်ခွဲရေးယမ်းတွေ သိမ်းထားတာ မသိတဲ့အခါကြတော့ ပေါက်ကွဲတဲ့ အခါကြတော့ ထိခိုက် ဆုံးရှုံးမှုကတော်တော် များသွားတယ်။ နစ်နာတာပေါ့။ အခုထိ မပြီးပြတ်သေးဘူး။ ပေါက်ကွဲအားပြင်းတော့ အနားကပ် လို့မရသေးဘူးလေ။ ကပ်လို့ရမှ အခြေအနေဘယ်လိုလဲဆိုတာ ကြည့်လို့ရမယ်။ ယမ်းတွေက ကျနော်တို့ပိုင်တဲ့ ယမ်းတွေပါ” ဟု ပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် NDAA အဖွဲ့ပိုင်စားနပ်ရိက္ခာများလည်း များစွာဆုံးရှုံးခဲ့ရပြီး အခင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး NDAA ရဲတပ်ဖွဲ့များက စုံစမ်းမှုများ ပြုလုပ်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကြည်မောင်က ဆက်ပြောသည်။
နယ်စပ်မြို့ဖြစ်နေသဖြင့် တရုတ်နိုင်ငံမှ အလည်အပတ်လာရောက်သူများ ရှိကြောင်း ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံသား အလည်အပတ်လာရောက်သူ ၃၀၀၀ ခန့်ရှိနေပြီး ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်တွင် တရုတ်လူမျိုး များလည်း ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာကို တရုတ်နိုင်ငံဘက်မှလည်း ဝင်ရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်လျှက်ရှိကြောင်း NDAA ကပြောသည်။
NDAAအနေဖြင့် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ငြိမ်းချမ်းရေး စာချုပ် အသစ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး ပြည်ထောင်စု အဆင့် အထိ ငြိမ်းချမ်းရေး ဆွေးနွေးထားသည်။
NDAA သည် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်က ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရက အထူးဒေသ (၄) အဖြစ် သတ်မှတ်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတချို့ကို အုပ်ချုပ်ခွင့်အာဏာ ပေးထားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင်မူ NDAA မိုင်းလား အဖွဲ့က လက်မှတ် ထိုးထားခြင်း မရှိသော အဖွဲ့ ၁ ခုဖြစ်သည်။