ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွာဘဲနယ်မြေ ရတနာမာန်အောင်လမ်း ဦးစိန်မြင့်၏နေအိမ်တွင် ငှားရမ်းနေထိုင်သူ သြစ တေးလျ နိုင်ငံသား Mr Hunter Murry Linton ကို ဗီဇာစည်းကမ်းများ ချိုးဖောက်နေထိုင်သဖြင့် လူဝင်မှုကြီးကြပ်ရေး ပြဋ္ဌာန်းချက်ဥပဒေ ၁၃(၁)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြည်မြို့ မြို့မရဲစခန်းတွင် အမှုဖွှင့် တိုင်ကြားထားကြောင်း သိရသည်။
သြစတေးလျနိုင်ငံသား Mr Hunter Murry Linton မှာ ပြည်မြို့နယ်၊ ပျဉ်းမအိုင်အုပ်စု၊ ရွာသစ်ကျေးရွာအနီး ရွှေပြည် မြေစိုက်ပျိုးရေးကုမ္ပဏီမှ မန်နေဂျာဖြစ်ပြီး၊ ၂၀၁၆ ဇန်နဝါရီလ ၂၄ ရက်နေ့က လုပ်ငန်းခွင်အတွင်း မြန်မာနိုင်ငံသားတဦးနှင့် ခိုက်ရန်ဒေါသဖြစ်ပွားမှုကြောင့် ဝက်ထီကန်ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၂၉၄/ ၃၂၃ ဖြင့် အမှုဖွင့်ခံရပြီး အဆိုပါအမှုအား မတ်လ ၁၆ ရက်နေ့က ပြည်မြို့နယ်တရားရုံးမှ ပုဒ်မ ၃၂၃ ဖြင့် ကြေအေးခွင့် ပေးခဲ့ပြီး ပုဒ်မ ၂၉၄ ဖြင့် ဒဏ်ငွေ တသောင်းကျပ် (မပေးဆောင်နိုင်ပါက) ထောင်ဒဏ် ၁၅ ရက် ကျခံစေရန်အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေ တသောင်းကျပ်အားပေးဆောင်ခဲ့သဖြင့် အမှု ပြီးဆုံးသွားကြောင်း သိရှိရသည်။
အဆိုပါ သြစတေးလျနိုင်ငံသားသည် မြန်မာနိုင်ငံပြည်ဝင်ခွင့် ဗီဇာလျှောက်ထားစဉ် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရမည်ဟု ခံဝန်ကတိပြုထားပြီး ယခုလို တည်ဆဲဥပဒေကိုချိုးဖေါက်သည့်အတွက် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ပြဋ္ဌာန်းချက် ပုဒ်မ၄(၂) ကို ဖောက်ဖျက် ကျူးလွန်ခဲ့သည့်အတွက် အက်ဥပဒေပုဒ်မ-၁၃(၁) အရ အရေးယူခြင်းဖြစ်ကြောင်း ပြည်မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်ဇော်ဦးက ဧရာဝတီသို့ပြောသည်။
“ ဗီဇာစည်းကမ်းချိုးဖေါက်တာပါ။ ပထမက လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းကို ကိုယ်ထိလက်ရောက်ထိုးလို့ ပုဒ်မ ၂၉၄၊ ၃၂၃ နဲ့ တရားရုံးမှာစစ်ဆေးတယ်။ ပုဒ်မ ၃၂၃ က ကြေအေးပြီး၊ ၂၉၄ နဲ့အမိန့်ချတော့ ဒဏ်ငွေတသောင်းဆောင်ရတယ်။ သူပြစ်မှု ကျူးလွန်တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ အဲဒီတော့ သူကို ဗီဇာစည်းကမ်းချိုးဖေါက်မှု ပုဒ်မ ၄(၂)ကိုကျူးလွန်လို့ ပုဒ်မ ၁၃(၁) နဲ့ လက်ထောက်လ.ဝ.က မြို့နယ်မှူးဦးမြင့်စိုးက တိုင်ကြားအမှုဖွင့်ခဲ့တာပါ။” ဟု ပြည်မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်ဇော်ဦးက ရှင်းပြသည်။