ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေး ရဲတပ်ဖွဲ့ မှ ရဲတပ်ကြပ်ကြီး တဦးကို မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချမှုကြောင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး သက်ထွန်း က ဧရာဝတီ သို့ ပြောသည်။
“အဲဒီ ရဲတပ်ကြပ်ကြီးကို သတင်း အရ ဖမ်းဆီးတာပါ။ သူ့ကို အသေးစိတ်တော့ စစ်ဆေးနေတုန်းပဲ။ မူးယစ်ဥပဒေပုဒ်မတွေ အပြင် ရဲစည်းကမ်း ဥပဒေနဲ့ပါ အရေးယူထားတယ်” ဟု ရဲမှူး သက်ထွန်း က ရှင်းပြသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ ၂၄ မှ မြန်မာ့သိုင်း အားကစား တာဝန် ဖြင့် တာဝန်ထမ်းဆောင်နေသူ အသက် ၃၁ နှစ် အရွယ် ရဲတပ်ကြပ်ကြီး ကျော်ဇင်သိုက် ကို မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေသည်ဟု သတင်းရခဲ့သဖြင့် စစ်ဆေးရာမှ သင်္ဃန်းကျွန်းမြို့နယ် ရှိ Junction ဇဝန ဈေးဝယ်စင်တာ ရှေ့တွင် မေလ ၆ ရက်နေ့ နေ့လည် ပိုင်း က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ၎င်း ၏ ခန္ဓာကိုယ်နှင့် မော်တော်ဆိုင်ကယ်ကို ရှာဖွေ စစ်ဆေးခဲ့ရာ ဆိုင်ကယ်အတွင်း သိမ်းဆည်းထားသည့် စိတ်ကြွ ဆေးပြား ၃၉၀ ပြား နှင့် ငွေ ၁၆ သိန်း ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရဲတပ်ကြပ်ကြီး ကျော်ဇင်သိုက် ကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/ ၁၉ (က)/ ၂၀ (က) ဖြင့် သင်္ဃန်းကျွန်းမြို့မ ရဲစခန်း က အမှုဖွင့်ပြီး ဆက်နွယ်သူများ ရှိမရှိ ကို ဆက်လက် စုံစမ်းနေကြောင်း သိရသည်။