သမ္မတ ဦးထင်ကျော်က ထိုင်းနိုင်ငံတွင်ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို အလုပ်သမား အခွင့်အရေးများ တန်းတူပေးစေလိုကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်နှင့် တွေ့ဆုံစဉ်တွင်ပြောဆိုလိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံစဉ်မှာ သမ္မတ ဦးထင်ကျော် က ပြောဆိုခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်တွင်တွေ့ရသည်။
သမ္မတ ဦးထင်ကျော်၏ ယင်းသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ချက်ချင်းကြိုဆိုလိုက်ကြပြီး နှစ်နိုင်ငံအစိုးရများအနေဖြင့် ရွှေ့ပြောင်း အလုပ်သမား အရေးကို ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ပြောဆိုကြသည်။
ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီးထုတ်ပြန်ထားသော ထိုင်းအစိုးရ၏ ဥပဒေများတွင် အလုပ်သမားမှန်လျှင် လူမျိုး၊ ဘာသာမရွေး အားလုံးတန်းတူ ခံစားခွင့် အခွင့်အရေးရရမည် ဆိုသည့် ပြဌာန်းချက်ကို ကြိုဆိုသော်လည်း ယင်းဥပဒေ ပြဌာန်း ချက်အတိုင်း အခွင့်အရေး တန်းတူမခံစားရသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများစွာရှိနေသည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဒုဥက္ကဌ ဦးအောင်ကျော် က ပြောသည်။
MWRN ဒုဥက္ကဌ ဦးအောင်ကျော် က ” မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကစပြီး ထိုင်းနိုင်ငံမှာ အခြေချ လုပ်ကိုင်နေကြတဲ့အခါမှာ အလုပ်သမားအခွင့်အရေး ရရှိတဲ့နေရာမှာ ရရှိသလို အခွင့်အရေး တန်းတူ မရရှိသေးတာတွေလည်း ရှိနေပါသေးတယ်။ အဲတော့ ရွှေ့ပြောင်း အလုပ်သမားအရေးကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းအစိုးရကို မြန်မာသမ္မတရဲ့ တောင်းဆိုချက်အပေါ် ကျနော်တို့ကြိုဆိုပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
MWRN အနေဖြင့်လည်း ယခုလ ၆ ရက်နေ့က မြန်မာအစိုးရသစ်နှင့် နေပြည်တော်တွင် သွားရောက် တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်သင့်သည့် အချက်များကို ထောက်ပြဆွေးနွေးခဲ့ပြီး အိတ်ဖွင့် ပေးစာများ ကိုလည်း ပေးအပ်ခဲ့သည်ဟုသိရသည်။
ထိုင်းအစိုးရအနေဖြင့်လည်း မြန်မာသမ္မတ၏ တောင်းဆိုချက်ကို အလေးထားပြီး လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်း က ပြောသည်။
“တရားဝင်အလုပ်သမားတွေအတွက် ရသင့်ရထိုက်တာဖြစ်တဲ့ လွတ်လပ်စွာသွားလာခွင့်၊ နေထိုင်ခွင့် စာရွက်စာတမ်းတွေ ပြည့်စုံ လျှက်နဲ့ နေ့တိုင်း မဲဆောက်၊ မဟာချိုင်၊ ဘန်ကောက်စတဲ့နေရာတွေမှာ အဖမ်းခံနေရတဲ့ မြန်မာအလုပ်သမားတွေကို အပြည့် အဝ အကာအကွယ်ပေးခွင့်တွေကို လက်တွေ့ လုပ်ဆောင်ပြီး ကျနော်တို့ကို သက်သေပြဖို့လိုပါလိမ့်မယ်။ ဒါမှသာ နိုင်ငံတော် သမ္မတကြီး တောင်းဆိုချက်ကို ထိုင်းအစိုးရက အခွင့်အရေးလေးစားတဲ့ နိုင်ငံအဖြစ် ယုံမယ်၊ လက်ခံမယ်ဗျ” ဟု ဦးကျော်သောင်း က ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးထင်ကျော်၏ တောင်းဆိုချက်အပေါ် ၎င်းတို့အနေဖြင့် နှစ်ထောင်းအားရ ကြိုဆိုသော်လည်း နှစ်နိုင်ငံအစိုးရများ အနေဖြင့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လက်ရှိ ကြုံတွေ့နေကြရသည့် အခြေအနေများကိုလည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုသည်။
ဦးအောင်ကျော် က “လက်ရှိအခြေအနေမှာဆိုရင် အလုပ်သမားတွေရဲ့ အခွင့်အရေး တန်းတူရဖို့အပြင်ကို အလုပ်သမားတွေ လက်တလော အကြီးအကျယ်ခံစားနေရတဲ့ ကိစ္စက ဗီဇာ သက်တမ်း ကုန်လို့ အိမ်ပြန်ရမယ့် ကိစ္စတွေ၊ နောက်တခါ ဗီဇာတွေ ဆက်ပြီးသက်တမ်း တိုးမပေးတော့လို့ တချို့က ထိုင်းအစိုးရကထုတ်ပေးတဲ့ ယာယီနေထိုင်ခွင့် ပန်ရောင်ကဒ်တွေလုပ်ရတဲ့ ကိစ္စတွေမှာ အလုပ်သမားတယောက်ရဲ့ အခွင့်အရေးတွေ၊ အလုပ်သမားတွေရဲ့ လူ့အခွင့်အရေးပိုင်း ဆိုင်ရာမှာလည်း တအားကြီး လျော့ကျသွားတာတွေရှိတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံသားတွေကို တရားဝင် ပတ်စပို့စ့်တွေပြုလုပ်ပေးပြီးတော့မှ လူသားဂုဏ်သိက္ခာရှိတဲ့ အလုပ်သမားတွေ ဖြစ်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်” ဟု ပြောသည်။
သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်တို့ တွေ့ဆုံမှုတွင် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး တန်းတူရရှိရေးအပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင် မြန်မာ ၊ ထိုင်း ၊ ဂျပန်သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာန အဆင့်မြှင့်တင်တည်ဆောက်ရေး ကိစ္စရပ်များလည်းဆွေးနွေးခဲ့သည်ဟုသိရသည်။
ထို့ပြင် ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် မဲဆောက်-မြဝတီ နှစ်မြို့အကြား ဖောက်လုပ်မည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တည်ဆောက်ပြီးစီးပါက နှစ်နိုင်ငံ စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် ကူးလူးဆက်ဆံမှု ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း သမ္မတ ဦးထင်ကျော် က မစ္စတာ ဒွန်ပရာမဒ်ဝီနိုင် ကိုပြောဆိုကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။