ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် မှ ကျေးရွာပေါင်း ၆၀ ကျော်ရှိ သောက်သုံးရေကန်များ ရေခမ်းခြောက်ကုန်သဖြင့် သောက်သုံးရေ ပြတ်လပ်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မိုးမြင့်အောင် က ပြောသည်။
“ရေပြတ်လပ်နေတာ က ကျေးရွာ ၆၀ ကျော်တယ်။ အလှူရှင်တွေကလည်း လာပြီး လှူကြပါတယ်။ ကန်တူးဖော်ပြီး လှူတာတွေလည်း ရှိတယ်။ ဒီနှစ်က အဆိုးဆုံးပဲ။ အရင်ကတုန်းက အခုလို မဖြစ်ဖူးဘူး၊၊ သောက်ရေတွေ လှူကြလို့ ရေတိုတော့ ပြေလည်ကြတယ်ဆိုပေမယ့် ရေရှည်ကိုလည်း ဆက်သွားရမှာပါ ”ဟု ဒေါက်တာ မိုးမြင့်အောင် က ရှင်းပြသည်။
သနပ်ပင်မြို့နယ် အတွင်းရှိ ရစ်ကန်လေး၊ ကသစ်ဝိုင်၊ ရွှေအိုး၊ လွမ်းပြေ၊ ကျီးပင်၊ ရွာဟောင်း၊ ကျွဲဖြူချောင်း၊ အောင်ဘုံကြီး အစရှိသည့် ရွာပေါင်း ၆၀ ကျော် တွင် ဒေသခံများ သုံးစွဲနေသည့် ရေကန်များမှာ ခမ်းခြောက်ခြင်း၊ ရေနည်းသွားခြင်းကြောင့် သောက်သုံးရေ ပြတ်လပ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ က သောက်သုံးရေများ လှူဒါန်းခြင်း၊ ရေကန်များ ပြန်လည် တူးဖော်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကသစ်ဝိုင်ကျေးရွာ ဒေသခံ ဒေါ်အေးမြင့် က“ အခုလောက်ထိ ဆိုးဆိုးဝါးဝါး ရေတခါမှ မပြတ်ဖူးဘူး။ သောက်စရာရေလုံးဝ ကို မရှိကြတော့တာ။ ရေကန်တူးရင်လည်း အရမ်းနက်အောင် တူးလို့မရဘူး။ ရေငန်တွေ ထွက်ကုန်လို့ ခပ်တိမ်တိမ် ပဲ တူးထားလို့ရတယ်။ သုံးတဲ့ရေကတော့ ကန်ထဲမှာ ကျန်နေတဲ့ ရေကို အနည်ထိုင်အောင် စစ်ပြီး သုံးရတာပဲ။ အလှူရှင်တွေ ရေလာမလှူတဲ့အချိန် သောက်ရေ မရှိတော့ရင်တော့ ရှိတဲ့ရေ သောက်ရတာပဲ။ ရေပြတ်နေကြတာတော့ တော်တော်ကြာပြီ”ဟု ပြောသည်။
ယခုနှစ်သည် အယ်လ်နီညိုရာသီဥတုကြောင့် ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး နှင့် ပဲခူး စသည့် မြို့ကြီးများရှိ ကျေးရွာများ တွင် ရေတွင်း၊ ရေကန်များ ခမ်းခြောက်ကုန်သဖြင့် ဒေသခံများစွာ သောက်ရေ၊ သုံးရေများ ပြတ်လပ်ကာ ရေရှားပါးသည့်ဒဏ် ကို ရင်ဆိုင်နေရသည်။