ဖိလစ်ပိုင်နိုင်ငံတွင် မဲဆန္ဒရှင်များ ယနေ့ မေလ ၉ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲကြို စစ်တမ်းများအရ အသက် ၇၁ နှစ်အရွယ် အစိုးရရှေ့နေဟောင်း Rodrigo Duterte က လူကြိုက်များနေ ပြီး သမ္မတဖြစ်လာမည်ဟု သတင်းပြေးနေသည်။ အကျင့်ပျက်ခြစားမှုနှင့် မူးယစ်ဆေးဂိုဏ်းများကို ၆ လအတွင်း နှိမ်နှင်းမည်ဟု ကတိပေးထားသည်။
သူ့ကို ပြစ်ဒဏ်ပေးသူ (The Punisher) ဟု သိကြပြီး Davao မြို့တော်ဝန်လည်း ဖြစ်သည်။ လူ့အခွင့်အရေးသမားများက မြို့တော်ဝန်သက်တမ်း နှစ် ၂၀ အတွင်း မသင်္ကာသူ လူတထောင်ကျော်ကို လမ်းမများပေါ်တွင် ရဲက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခဲ့ဖူးသည်။
သူက ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်နှင့် တန်းတူညီမျှမှုရရှိရေး (အထူးသဖြင့် ဝင်ငွေနည်းသူများ အတွက်) တန်းတူညီမျှ အခွင့်အရေးများ မြှင့်တင်ပေးရန် ရည်ရွယ်ထားသူ ဖြစ်သည်။ သူ့ကို နယ်သာလန်အခြေစိုက် ဘဏ္ဍာရေးလုပ်ငန်းတခုဖြစ်သည့် ING group မှ အာရှဆိုင်ရာ စီးပွားရေး ပညာရှင်တယောက် ဖြစ်သည့် Joey Cuyegkeng က ကိုယ်ပိုင်ဟန်ရှိသူ၊ အများနှင့် မတူသူ တယောက်ဟု ဖွင့်ဆိုခဲ့သည်။ သူ့ကိုယ်သူ ဆိုရှယ်လစ်တဦး အဖြစ် သတ်မှတ်ထားသော Rodrigo Duterte သည် အမျိုးသမီးများနှင့် ပတ်သက်သည့် သူ၏ အငြင်းပွားဖွယ်ရာ အမြင်များ၊ စီးပွားရေးနှင့် ပတ်သက်သည့် အစီအစဉ်ကင်းမဲ့မှုနှင့် တရားမဝင်နည်းလမ်းဖြင့် ချမ်းသာကြွယ်ဝခဲ့သည် ဟုစွပ်စွဲချက်များ ရှိနေသည့် သမ္မတလောင်းတဦး ဖြစ်သည်။
ဖိလစ်ပိုင် နာမည်ကျော်သရုပ်ဆောင် မိဘများ၏ မွေးစားသမီး ဖြစ်သည့် အထက်လွှတ်တော် အမတ် Grace Poe က နိုင် ငံရေးတွင် လူသစ်တယောက် ဖြစ်သည်။ သူက ပြည်သူများ၏ လိုအပ်ချက်များကို အစိုးရ ပိုမိုနားလည်ပေးနိုင်ရေးကို အဓိ က ထားသည်။ သူ၏ အဓိကကျသော မူဝါဒ အချို့မှ အာဟာရမပြည့်ဝမှုကို လျှော့ချရေးအတွက် ကျောင်းများတွင် အခမဲ့ နေ့လည်စာကျွေးရန်၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားမှ တောင်တရုတ်ပင်လယ်တွင်း ရေပြင်ပိုင်နက် အညင်းပွားမှု ကိုဖြရှင်းရန် အတွက် နိုင်ငံ အများနှင့်အတူ သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်သွားရန် တို့ ဖြစ်သည်။
“သူက သဘောကျစရာကောင်းပါတယ်။ ဒါပေမယ့် အတွေ့အကြုံမရှိဘူး”ဟု Natixis မှ Trinh D. Nguyen က ထောက်ပြသည်။
သမ္မတ Benigno Aquino ၏ အစိုးရအဖွဲ့မှ ပြီးခဲ့သည့်ဇွန်လတွင် နုတ်ထွက်ခဲ့သော ဒုတိယသမ္မတဟောင်း Jejomar Binay တိုင်းပြည်၏ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်အတန်းကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ မှတ် ပုံတင်ခြင်း နှင့် သက်ဆိုင်သော အစိုးရ လုပ်ထုံးလုပ်နည်းများကို ချောမွေ့စေခြင် စသည့် စီပွားရေးလုပ်ငန်း များနှင့် ဆက် နွယ် နေသည့် မူဝါဒများကို အလေးပေးသည်။ သို့သော်လည်း မနီလာခရိုင် Makati မြို့တော်ဝန် အဖြစ်ဆောင်ရွက်ခဲ့စဉ်က အဂတိလိုက်စားမှုဆိုင်ရာ စွပ်စွဲမှုများ က သူ၏ အောင်နိုင်ရေး လှုပ်ရှားမှုကို ထိခိုက်စေသည်။
Manuel “Mar” Roxas II သည် ပို့ဆောင်ရေး ဝန်ကြီးဟောင်းဖြစ်ပြီး ဖိလစ်ပိုင် သမ္မတဟောင်း Manuel Roxas ၏မြေး တော်စပ်သူ ဖြစ်သည်။ သူက အကျင့်ပျက်ခြစားမှုဆိုင်ရာ မှတ်တမ်းကင်းရှင်းသည့် သမ္မတလောင်းတဦး အဖြစ်သူ့ကိုယ်သူ ဖော်ပြခဲ့သည်။ New York တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်းရှင်တဦး အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည့် Manuel “Mar” Roxas II ကို သမ္မတ Benigno Aquino ကလည်း ထောက်ခံသည်။
“သူကတော့ Benigno Aquino ရဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုနဲ့ ထိတွေ့မှုရှိအောင် သူမလုပ်နိုင်တဲ့ အတွက် ရွေးကောက်ခံရဖို့ မဖြစ်နိုင်တဲ့ ပုံရှိပါတယ်” ဟု Natixis မှ Trinh D. Nguyen က မှတ်ချက်ချသည်။
Pulse Asiaမှ ဧပြီလ ၁၉ ရက်မှ ၂၄ ရက်အတွင်း ကောက်ယူခဲ့သည့် သဘောထားစစ်တမ်းများအရ Davao မြို့တော်ဝန် Rodrigo Duterte ထောက်ခံသူ ၃၃ ရာခိုင်နှုန်း ရရှိထားသည်။ ဧပြီ ၁၂ မှ ၁၇ အတွင်း ကောက်ယူခဲ့သည့် စစ်တမ်းတွင်မှု သူက ၃၄ ရာခိုင်နှုန်း ရရှိခဲ့သည်။ ဒုတိယနေရာတွင် ရှိနေသူ Manuel “Mar” Roxas II က ထောက်ခံမှု ၂၂ ရာခိုင်နှုန်း၊ Grace Po က ၂၁ ရာခိုင်နှုန်းနှင့် Jejomar Binay က ၁၇ ရာခိုင်နှုန်း ရရှိထား၏။
“ဒီနေရာမှာ ပြန်ပြီး သတိရ ရမယ့် ဖိလစ်ပိုင်ပြည်သူတွေရဲ့ အမြင်တခုတော့ ဒါက ဆင့်ကဲဖြစ်စဉ် သဘောဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ တယ်။ တော်လှန်ရေးသဘောဆောင်တဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ သမ္မတ အိမ်တော်ကို ဘယ်သူ ရရှိသည် ဖြစ်စေ အရင် သမ္မတဟောင်းတွေ ဖြစ်တဲ့ Gloria Arroyo နဲ့ Benigno Aquino တို့ ကောင်းမွန်စွာလျှောက်ခဲ့တဲ့ မူဝါဒလမ်းကြောင်းအတိုင်းပဲ ဆက်လျှောက်ရပါလိမ့်မယ်” ဟု ANZ မှ အာဆီယံဆိုင်ရာ စီးပွားရေးပညာရှင် Eugenia Victorino ကပြောသည်။
ပြီးခဲ့သည့် နှစ်အတွင်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ GDP က ၅.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အရှေ့တောင် အာရှ အိမ်နီးချင်းနိုင်ငံများ ဖြစ် သော မလေးရှား၊ ထိုင်းနှင့် စင်ကာပူတို့ထက် များခဲ့သည်။ ယခုနှစ်တွင် တိုးတက်မှု ၆ ရာခိုင်နှုန်း ရှိလိမ့်မည် ဟုလည်း အာရှဖွံဖြိုးရေးဘဏ် (ADB) က ခန့်မှန်းထားသည်။
ထိုကဲ့သို့သော အရှိန်အဟုန်မျိုး ပေါ်တွင် ဆက်လက်တည်ဆောက်သွားနိုင်ရေးကလည်း အလွန်အရေးပါပါသည်။
“ဘယ်ဘက်ကပဲကြည့်ကြည့် နှစ်ပေါင်းများစွာအတွင်းမှာဖိလစ်ပိုင်နိုင်ငံအတွက် နိုင်ငံရေးအရ အရေးအကြီးဆုံး အချိန် ဖြစ်ပါတယ်။ သမ္မတသက်တမ်းက ၆ နှစ်ပဲ ရှိပြီးတော့ သမ္မတ Benigno Aquino ရဲ့ သက်တမ်းက အခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရရှိထားတဲ့ အလားအလာက အလွန်ကြီးမားတဲ့အတွက် သူ့နေရာအစားထိုးမှု အပေါ် စိုးရိမ် နေကြပါတယ်” ဟု ပြင်သစ်အခြေစိုက် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတခု ဖြစ်သည့် Natixis မှ အကြီးတန်း စီးပွားရေး ပညာရှင် Trinh D. Nguyen က မှတ်ချက်ချသည်။
နောက်လာမည့် အစိုးရ အတွက် ဆင်းရဲမွဲတေမှုလျှော့ချရေး နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ထိပ်တန်းဦးစားပေးများထဲတွင် ပါဝင်နေရမည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။
တိုင်းပြည်လူဦးရေ၏ ၂၅.၈ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက် စံနှုန်းထက်နိမ့်ကျနေကြဆဲဖြစ်ပြီး ကျေး လက်ဒေသ ဆင်းရဲနွမ်းပါးမှုကလည်း ပြည်သူ့ရေးရာမူဝါဒအတွက် အဓိကကျသည့် စိန်ခေါ်မှုတခု ဖြစ်သည်။
ကိုးကား – CNBC ၏ Philippines election: Duterte leading polls ahead of vote