သတင်း

ကချင်တွင် တိုက်ပွဲဖြစ်၊ ဖားကန့်တွင် မိုင်း ၅ လုံး ပေါက်ကွဲ

This article has been converted from Zawgyi One to Unicode

တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား မေလ ၈ ရက်နေ့က ဖားကန့်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်၊ ဖားကန့်မြို့အတွင်း၌ လက်လုပ်မိုင်း ၅ လုံး ပေါက်ကွဲခဲ့သည်ဟု သတင်း ရရှိသည်။

တိုက်ပွဲမှာ ဖားကန့်မြို့နယ်၊ နမ့်ယား၊ စပေါ်မှော် အနီးတွင် တပ်မတော်နှင့် KIA ၏ တပ်မဟာ (၂) လက် အောက်ခံ တပ်ရင်း (၆) တို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍လည်း ဒုဗိုလ်မှူးကြီး နော်ဘူက “ဧပြီ ၂၉ ရက်မှာ မူးယစ်ဆေးဝါး ရောင်းတဲ့ ရှမ်းနီ ၇ ယောက်ကို ကျနော်တို့ ဖမ်းလိုက်တယ်။ ဒီကိစ္စကို မကျေနပ်လို့ ရှမ်းနီပြည်သူ့စစ်တွေနဲ့ တပ်မတော် လာတိုက်တာလို့ သတင်းရထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး KIA ၏ ရှေ့တန်း ကာကင်းနှစ်ခုကို ဆုတ်ခွာပေးလိုက်ရသည် ဟုလည်း သိရသည်။

မူးယစ်ဆေးဝါး ရောင်းချနေသည့် ရှမ်းနီ ၇ ယောက်မှာ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ပြီး KIA မှ ဧပြီလ ၂၉ ရက်တွင် ရာဘ အလုံး ၅၀၀၊ ဘိန်းဖြူနှင့် အခြားမူးယစ်ဆေးဝါး ပစ္စည်းများနှင့်အတူ လက်ဝယ် ဖမ်းဆီးမိခဲ့ပြီး အဆိုပါ ၇ ဦးကို မတ်လ ၃ ရက်တွင် ပြန်လွှတ်လိုက်ပြီး ဖြစ်သည်ဟုလည်း ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကျနော်တို့မှာ မိတဲ့ အချက်အလက်တွေ အခိုင်အမာရှိတယ်။ သူတို့က မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတာ၊ တိုက်ပွဲဖြစ်တာက တပ်မတော်က ကျနော်တို့ စခန်းတွေနား ကပ်လာလို့ ပစ်ကြတာပါ။ အဲဒီမှာ ရှမ်းနီပြည်သူ့စစ်တွေလည်း ပါလာတယ် ” ဟုလည်း ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက်မှ ဦးလမိုင်ဂွမ်ဂျာကလည်း ဖားကန့်မြို့နယ်အတွင်း တပ်မတော် နှင့် KIA တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် မေလ ၈ ရက်၌ပင် ဖားကန့်မြို့နယ်အတွင်းရှိ ဆိပ်မူအုပ်စု တပ်ကုန်းအနီးတွင် မိုင်း ၂ လုံး၊ ဆိပ်မူ ရဲကင်း အနီးတွင် မိုင်း ၁ လုံး၊ ဆုထူးပန် ကုမ္မဏီအနီးတွင် မိုင်း၁လုံး နှင့် မရှီကထောင်ရပ်ကွက်ရှိ ကျောက်စိမ်းတောင် တံတားတွင် မိုင်း ၁ လုံးတို့ ပေါက်ကွဲခဲ့သည်ဟု ဖားကန့်မြို့ ဆိုင်းတောင် နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်က ဧရာဝတီကို ပြောသည်။

“မနက် ၇ နာရီ ၁၅ လောက်မှာ ဆိပ်မူ တပ်ကုန်းနားမှာ ၁ လုံးပေါက်တယ်။ အမျိုးသမီးတဦး ပေါင်မှာ ထိသွားတယ်။ နေ့လည် ၂ နာရီလောက်မှာ ကျန်တဲ့ ၄ နေရာမှာ ထပ်ပေါက်တယ်။ ကျန်တာမှာတော့ လူထိ ခိုက်တာ မရှိဘူး” ဟု ဦးခင်မောင်က ပြောသည်။

မိုင်းပေါက်ကွဲသည့် နေရာများမှာ ဖားကန့်မြို့အတွင်းတွင် ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာများနှင့် ဝေးသော်လည်း တိုက်ပွဲနှင့် မိုင်းပေါက်ကွဲခြင်းတို့မှာ တရက်တည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒု ဗိုလ်မှူးကြီး နော်ဘူက “မြို့ထဲမှာ မိုင်းပေါက်တာတော့ သတင်းကြားတယ်၊ ဒါပေမယ့် ကျနော်တို့ မဟုတ်ဘူး” ဟု ပြောသည်။

ပေါက်ကွဲသည့် မိုင်းများမှာ လက်လုပ်မိုင်း အမျိုးအစားများ ဖြစ်သည်ဟု သိရသည်။

မိုင်းထောင်သွားသည့် သူကိုတော့ ဖမ်းမိခြင်း မရှိသေးဟုလည်း ဦးခင်မောင်က ပြောသည်။

ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သက်ဇော်ဦးက “မြို့ထဲမှာတော့ လုံခြုံရေး သီးသန့်ရယ် ချမထားပါဘူး။ သာမန်ပါပဲ မိုင်းပေါက်တဲ့နားမှာ တိုက်ပွဲလည်း  မရှိပါဘူး” ဟု ဆိုသည်။

ဖားကန့်မြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် သီတဂူဆရာတော်ကြီး၏ တရားပွဲနှင့် တခြားသော ဖျော်ဖြေရေးအစီအစဉ်များ ဖျက်သိမ်းလိုက်ရသော်လည်း ပြည်သူများမှာတော့ ပုံမှန်ပင် သွားလာနေသည်ဟုလည်း သိရသည်။

Loading