ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၆ ခုမှ လူဦးရေ ၆ သောင်းကျော်သည် အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပူပြင်းခြောက်သွေ့ပြီး ရေတွင်းရေကန်များ ခမ်းခြောက်ကုန်သည့်အတွက် သောက်သုံးရေပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ရေပြတ်လပ်မှုရင်ဆိုင်နေရတာ လက်ရှိဆိုရင် လူဦးရေ ၆ သောင်း ၇ ထောင်ကျော်သွားပါပြီ။ ကျနော်တို့ ဌာနအနေနဲ့ ရေပြတ်တဲ့ရွာပေါင်း ၁၁၈ ရွာကို သောက်သုံးရေရရှိအောင် ကားတွေ၊ စက်လှေတွေအသုံးပြုပြီး ပို့ဆောင် ပေးနေပါတယ်။ တချို့ရွာတွေဆိုရင် အခုချိန်အထိ ၂ ရက်တကြိမ် ထော်လာဂျီနဲ့ ရေပို့ပေးနေရဆဲ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်းက ဧရာဝတီကို ပြောသည်။
ရေပြတ်လပ်မှုကြုံတွေ့နေရသည့် မြို့နယ်များမှာ ပုသိမ်ခရိုင်တွင် ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတ ခရိုင်တွင် ဟင်္သာတ၊ မြန်အောင်၊ ကြံခင်းမြို့နယ်၊ ဖျာပုံခရိုင်တွင် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်၊ လပွတ္တာခရိုင်တွင် လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ မြောင်းမြခရိုင်တွင် မြောင်းမြမြို့နယ်နှင့် မအူပင်ခရိုင်တွင် ပန်းတနော်မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
ရေပြတ်လပ်မှုကြုံတွေ့နေသည့် အဆိုပါ မြို့နယ် ၁၆ ခုရှိ ကျေးရွာပေါင်း ၁၁၈ ရွာမှ အိမ်ထောင်စုပေါင်း ၁၅၀၀ ကျော်ကို တိုင်းကျေးလက်ဌာနက ရေဂါလံ ၂ သိန်း ၅ သောင်းကျော် ထောက်ပံ့ပို့ဆောင် ပေးခဲ့ပြီး အခြားသော ပရဟိတအဖွဲ့များနှင့် အလှူရှင်များကလည်း ဝိုင်းဝန်းလှူဒါန်းလျက်ရှိကြောင်း သိရသည်။
“ကျနော်တို့အဖွဲ့ကတော့ ပုသိမ် – မော်တင်ကားလမ်းဘေးတလျှောက် ရွာတွေကို ရေလှူပေးနေတယ်။ နောက်ရက် တွေလည်း မိုးမရွာခင်အထိတော့ တတ်နိုင်သလောက် လှူပေးသွားမှာပါ။ လတ်တလောတော့ ပုသိမ် – မော်တင် ကားလမ်းဘေးတလျောက်၊ ငပုတောအောက်ခြမ်းဘက်တွေမှာ ရေပြတ်လပ်မှုတွေ ဖြစ်နေဆဲပဲ”ဟု ပုသိမ်မြို့အခြေစိုက် ဖြူစင်မေတ္တာလူမှုရေးအသင်းမှ ကိုနိုင်ကြီးက ပြောသည်။
လက်ရှိတွင် ကျေးလက်ဌာနအနေဖြင့် ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများ ရေလှူရာတွင်အသုံးပြုသည့် ကား၊ စက်လှေတို့ အတွက် စက်သုံးဆီများ ထုတ်ပေးလျှက်ရှိပြီး လူမှုရေးအသင်းများနှင့် ကျေးလက်ဌာနတို့ ပူးပေါင်း၍ ဒီဇယ်ဂါလံ ၁၃၀၀ ကျော် အသုံးပြုကာ ရေဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ကြံခင်းမြို့နယ်ဘက်မှာတော့ ရေပြတ်လပ်မှု ဆိုးဆိုးဝါးဝါးကြုံနေရတာ ၆ ရွာလောက်ရှိတယ်။ အဲဒီရွာတွေကို အလှူရှင်တွေအကူအညီနဲ့ မကြာခဏဆိုသလို ရေတွေလှူပေးနေတယ်။ ကျေးလက်ဌာနက ရေရှားတဲ့ရွာတွေမှာ မနှစ်က ဆောက်ပေးထားတဲ့ မိုးရေကန်တွေကတော့ ဘာမိုးရေမှ မရပါဘူး။ ငွေကုန်ခံ လုပ်ထားပေမယ့် တကယ် အကျပ် အတည်း ကြုံချိန်မှာ ဘာမှအသုံးမဝင်ဘူး ဖြစ်နေတယ်”ဟု ကြံခင်းမြို့နယ် အမှတ် – ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နွေရာသီကာလ၌ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာပေါင်း ၁၄၆ ရွာမှ လူဦးရေ ၈ သောင်းခန့် သောက်သုံး ရေ ပြတ်လပ်မှု ကြုံတွေ့ခဲ့ပြီး အစိုးရ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အန်ဂျီအိုများနှင့် ပရဟိတလူမှုရေး အသင်းများက သောက်သုံးရေများကို ကားများ၊ မော်တော်များဖြင့် သယ်ယူ၍ ကူညီလှူဒါန်းပေးခဲ့ကြသည်။
တိုင်းဒေသကြီးကျေးလက်ဌာနအနေဖြင့် ရေထောက်ပံ့သည့်လုပ်ငန်းအပြင် နောင်နှစ်များတွင် ရေပြတ်လပ်မှု လျော့နည်း စေရန်အတွက် ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းအတွင်းရှိ ရေရှားပါးသည့်ကျေးရွာများ၌ ငွေကျပ် ၃၂၁၃ သန်းကျော်အသုံးပြု၍ လက်တူးရေတွင်း ၆၂ တွင်း၊ မိုးရေလှောင်ကန် ၄၄ ကန်နှင့် တွင်းနက် ၁၂၈ တွင်း တူးဖော် ပေးရန်လျာထားကြောင်း သိရှိရသည်။