မန္တလေးမြို့ရှိ မန္တလေးတောင် အရှေ့ဘက်ခြမ်း ရပ်ကွက်များတွင် ရေပိုမို သုံးစွဲနိုင်ရေး အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်ရေတွင်း၊ ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံများ တိုးချဲ့တပ်ဆင်မည်ဟု သိရသည်။
“အရှေ့ဘက်ခြမ်း ရပ်ကွက်က ပြည်သူတွေအနေနဲ့ အခုချိန်မှာ ရေအနည်းငယ်သာ သုံးစွဲနေရပါတယ်။ ဒါကြောင့် အဲဒီရပ်ကွက်တွေ ရေပိုမိုသုံးစွဲနိုင်အောင်လို့ မန္တလေးတောင်ခြေမှာရှိတဲ့ ကနောင်ရေတွန်း စက်ရုံနဲ့ မြောက်ပြင် ဥပုသ်တော် ရပ်ကွက်မှာ ရှိတဲ့ ဂါလန် ၁ ဒဿမ ၅ သိန်းဆံ့ ရေတွန်းစက်ရုံတွေကို ပြန်လည် ပြင်ဆင်တူးဖော်မှုတွေ လုပ်ဆောင် ပေးနေပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှု ဌာန ဌာနမှူး ဦးထွန်းဝင်းက ပြောသည်။
ထို့ပြင် ကမ်းနားလမ်းတွင်လည်း ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ တရုံ ထပ်မံ တည်ဆောက်ပေးနေ သဖြင့် မန္တလေးတောင် အရှေ့ဘက်ခြမ်း ရှိ ပြည်သူများ ရေပိုမို သုံးစွဲသွားနိုင်မည် ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ် အလိုက်ရရှိ သော ငွေပမာဏ အပေါ် မူတည်ပြီး ရေလှောင်ကန်နှင့် စက်ရေတွင်းများကို ဆက်လက် တိုးချဲ့ တူးဖော်ပြင်ဆင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ကမန္တလေး တောင်ပေါ်သို့ တနေ့လျှင် ရေဂါလန် ၅ သိန်း တင်ပို့နေသည့် မန္တလေးတောင်ခြေရှိ ကနောင် ရေတွန်းစက်ရုံ ကို ပြန်လည် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၂ နှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြင်ဆင်မှုများ ပြီးစီးပါက ရပ်ကွက်များအတွက် ရေဂါလန် ၁ သန်းခွဲခန့်ကို ကလိုရင်းဆေးခတ် သန့်စင်ကာ ဖြန့်ဝေသွားရန် ဆောင်ရွက်လျက် ရှိသည်။
“လက်ရှိမှာတော့ ဆည်တော်ကြီးဆည်က လွှတ်တဲ့ ရေနီမြောင်းရေကို ချိုးရေ၊ သုံးရေအဖြစ် သုံးတဲ့သူတွေရှိသလို ကိုယ်ပိုင် စက်ရေတွင်းတွေ တူးပြီး သုံးနေကြတာလည်း ရှိတယ်။ စက်ရေတွင်းရေက ပြဿနာ မရှိပေမယ့် အခုနောက်ပိုင်းမှာ ရေနီမြောင်းရေက အရင်ကလောက် မကောင်းတော့ဘူး။ မြောင်းထဲကို လူတွေက အညစ်အကြေး နဲ့ အမှိုက်သရိုက်တွေကို စွန့်ပစ်နေကြတာကြောင့် ကောင်းကောင်းသုံးလို့ မရတော့ဘူး။ မြို့ရေပေးဝေရေးစနစ်နဲ့ ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ” ဟု မန္တလေးတောင် အရှေ့ဘက်ခြမ်း ဒေါနဘွားရပ်ကွက်နေ ဦးဇော်ဇော်က ပြောသည်။
မန္တလေးတောင်ခြေ ကနောင်ရေတွန်းစက်ရုံနှင့် ဥပုသ်တော်ရပ်ကွက်ရှိ ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံများ တိုးချဲ့ တပ်ဆင် ပြင်ဆင်မှုလုပ်ငန်းများ ပြီးစီးသွားပါက ရေရရှိမှု နည်းသော မန္တလေးတောင် အရှေ့ဘက်ခြမ်း ရပ်ကွက်များ အနေဖြင့် တနေ့လျှင် ရေဂါလန် နှစ်သန်းခွဲကျော် ပိုမို ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။