မီးဘေးသင့်ခဲ့သည့် မန္တလေး မင်္ဂလာဈေးအား အသစ်ပြန်လည် တည်ဆောက်သည်ဖြစ်စေ၊ အကြီးစား ပြန်လည် မွမ်းမံသည်ဖြစ်စေ၊ မူလဆိုင်ခန်း ပိုင်ရှင်များအား မူလနေရာတွင် ပြန်လည်ရရှိစေမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က သက်ဆိုင်ရာ ဈေးသူ၊ ဈေးသားများနှင့် ယမန်နေ့က မြို့တော်ခန်းမ၌ တွေ့ဆုံရာ၌ ကတိပြု ပြောကြားလိုက်သည်။
ထိုသို့တွေ့ဆုံရာတွင် ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော မင်္ဂလာဈေးမှာ ငလျင်ဒဏ်ခံနိုင်ရန် ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း၊ ပြန်လည် မွမ်းမံမည်ဆိုပါက ငလျင်ဒဏ် ခံနိုင်ရန် ပြုပြင် တည်ဆောက်ရမည်ဖြစ်၍ မြေညီထပ် ဆိုင်ခန်းများ၏ ၅ ရာခိုင်နှုန်းကို လျော့ချရမည်ဖြစ်ကြောင်း၊ ထို့အပြင် အရေးပေါ်ထွက်ပေါက် မပါဝင်၍ အရေးပေါ်ထွက်ပေါက် ပြန်လည် ထည့်သွင်းမည်ဆိုပါက ဆိုင်ခန်းများ၏ ၁၀ ရာခိုင်နှုန်း လျှော့ချရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ၏ စစ်ဆေးတွေ့ရှိချက်များကိုလည်း ရှင်းလင်းခဲ့သည်။
သို့သော် အသစ် တည်ဆောက်သည် ဖြစ်စေ၊ မွမ်းမံသည် ဖြစ်စေ ကုန်ကျစရိတ်နှင့် အချိန်ကာလမှာ ခြားနားမှု များစွာရှိမည် မဟုတ်ဟု မြို့တော်ဝန်က ဆိုသည်။
မင်္ဂလာဈေးသူ၊ ဈေးသားများက အကြီးစား ပြင်ဆင်မှုကိုသာ ပြုလုပ်စေလိုသည်ဟု တညီတညွတ်တည်း တောင်းဆိုခဲ့ပြီး၊ ဈေးအပေါ်ထပ်တွင် နေထိုင်သည့် တိုက်ခန်းပိုင်ရှင်များကမူ အကြီးစား မွမ်းမံသည် ဖြစ်စေ၊ ပြန်လည် တည်ဆောက်သည် ဖြစ်စေ သဘောတူကြောင်း ဆန္ဒပြုသည်။
သို့သော်လည်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က တိကျသော အဖြေမပေးသေးဘဲ ဈေးသူ ဈေးသားများ အနေဖြင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည် စည်းဝေးစေလိုကြောင်း၊ နောက်တကြိမ် ထပ်မံ အစည်းအဝေး ခေါ်ယူဦးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။
ထို့အပြင် ယာယီဈေးအား ဂေါ်ရာကွင်းတွင် ယနေ့ မေ ၁၀ ရက်မှ စ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး မည်ဟုလည်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေး အဆောက်အအုံ ကြံ့ခိုင်မှု အခြေအနေကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့က ဧပြီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ စမ်းသပ်စစ်ဆေးခဲ့ရာ အဆောက်အအုံ၏ ဝန်ကို အဓိက ထမ်းထားသည့် ကွန်ကရစ်တိုင်များ၊ ယက်မများ၊ ကြမ်းခင်းများ၏ ကွန်ကရစ် ခံနိုင်ရည်တို့မှာ မူလ တည်ဆောက်စဉ်ကပင် အားနည်းခဲ့ရာ မီးလောင်ပြီး နောက်ပိုင်းတွင် ပိုမိုအားနည်းခဲ့ကြောင်း၊ လက်ရှိ မီးဘေးသင့် အဆောက်အဦး၏ မြေညီထပ် ကြမ်းခင်းများမှာ မြေပေါ်တွင် ကွန်ကရစ်လောင်းထားးခြင်းဖြစ်၍ ပြုပြင်နိုင်မည် ဖြစ်သော်လည်း ပထမ၊ ဒုတိယ၊ တတိယထပ် ကြမ်းခင်းများနှင့် တိုင်ယက်မများမှာ အားနည်းနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။