ကချင်ပြည်နယ်၊ ဟူးကောင်းဒေသတွင် ယုဇန ကုမ္ပဏီက သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြန်လည်ရရှိစေရန် ဟူးကောင်းဒေသခံ ၈ ထောင်ကျော်က လက်မှတ်ရေးထိုးပြီး သမ္မတထံ တောင်းဆိုသွားမည်ဟု သိရသည်။
ယုဇန ကုမ္ပဏီက ဟူးကောင်းဒေသဖြစ်သည့် တနိုင်မြို့နယ် နှင့် ဖားကန့်မြို့နယ်အတွင်း ၂၀၀၇ ခုနှစ်တွင် လယ်ယာမြေများ နှင့် တခြား မြေများကို သိမ်းဆည်းထားပြီး ပီလောပီနံ စိုက်ခင်းနှင့် ကြံစိုက်ခင်းတို့ကို လုပ်ဆောင်နေသည်ဟု Mungchying Rawt Jat (MRJ) အဖွဲ့မှ ဦးအောင်လတ်က ယနေ့ Orchard ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ တောင်းဆိုချက်က မိမိမြေကို ပြန်ရလိုပါတယ်။ နောက်ပြီးတော့ နစ်နာကြေးကို ဥပဒေက ပေးထားတဲ့ လျော်ကြေး ရပိုင်ခွင့်ကို အပြည့်အဝ ခံစားချင်ပါတယ်။ ၁၀ နှစ်တာ နစ်နာကြေးကို လိုချင်ပါတယ်” ဟု ဦးအောင်လတ်က ဆိုသည်။
ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့် ပိုင်ဆိုင်သည့် ယုဇန ကုမ္ပဏီ က မြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာပေါင်း ၉ ရွာကိုလည်း အတင်းအဓမ္မ ပြောင်းရွှေ့မှုများ ပြုလုပ်ပြီး စံပြကျေးရွာတွင် ထားရှိကြောင်း၊ လယ်ယာ သိမ်းခံရမှုကြောင်း ဒေသခံများ စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။
စံပြကျေးရွာသို့ ပြောင်းရွှေ့ခံရသည့် ဒေါ်လုဘူက “ကျမတို့ကို စံပြကျေးရွာတာ လုပ်ပေးတာ။ ဘာမှ ပြည့်ပြည့်ဝဝ မလုပ်ပေးပါဘူး။ အခုဆိုရင် သစ်တွေ ခြစားကုန်ပြီ။ ပြီးတော့ လျော်ကြေးငွေ တကျပ်မှ မပေးဘူး။ မိသားစု အတွက် စားဝတ်နေရေး အရမ်း ဒုက္ခရောက်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယုဇန ကုမ္ပဏီ၏ စက်ရုံမှ စွန့်ပစ်သည့် အညစ်အကြေး အရည်များကို နမ့်ဆန်ချောင်းထဲသို့ ဖောက်ထုတ်သည့်အတွက် ချောင်းထဲမှ ငါးများ အစုလိုက် သေဆုံးကြောင်း၊ စက်ရုံထွက် အညစ်အကြေး အနံ့များကိုလည်း ဒေသခံများ နေ့စဉ် ရှုရှိုက်နေရသဖြင့် ကျန်းမာရေး ထိခိုက်မှုများလည်း ရှိနေကြောင်း ဒေါ်လုဘူက ဆိုသည်။
ဆက်လက်ပြီး ဟူးကောင်း ချိုင့်ဝှမ်းဒေသရှိ ဒေသခံတောင်သူများဘဝ လုံခြုံစွာ လုပ်ကိုင်စားသောက်နိုင်ရန်၊ ကျေးရွာတိုင်း အတွက် လုံလောက်သော ကျေးရွာပိုင်မြေများ ပြန်လည်ရရှိရန်၊ တောင်သူများ၏ ရပိုင်ခွင့် နှင့် အခွင့်အရေး တို့ကို လည်းကောင်း၊ ဥပဒေကို လည်းကောင်း ချိုးဖောက်လုပ်ဆောင်နေသည့် ယုဇန ကုမဏီအား နိုင်ငံတော် အစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်၊ ကုမ္ပဏီ၏ စီမံကိန်း ရပ်တန့်ပေးရန်လည်း ဒေသခံများက တောင်းဆိုထားသည်။
“ကျနော်တို့ မဲထည့်လိုက်တဲ့ အစိုးရက ဒီကိစ္စကို ကူညီမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ ခံစားလာတာ ၁၀ နှစ်ရှိပြီ။ ကလေးတွေတောင် ပညာရေး မထောက်ပံ့နိုင်ဘူး” ဟု ပြောင်းရွှေ့ခံရသည့် ဒေသခံ ဦးတန်ဂွန်းက ပြောသည်။
သမ္မတ ဦးထင်ကျော်က လယ်မြေ သိမ်းဆည်းခံရခြင်းများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီတရပ် ဖွဲ့စည်းပေးလိုက်ပြီး ကော်မတီအလုပ်လုပ်နေစဉ် လယ်မြေသိမ်းဆည်းမှုကို ရပ်ထားပေးရန် မေ ၅ ရက်နေ့ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဒုသမ္မတ ၂ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးနှင့် ဖွဲ့စည်းခဲ့သည်။
အစိုးရသစ်အနေဖြင့် လယ်ယာမြေ အငြင်းပွားမှု ပြဿနာများကို အထူးဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နှင့် လယ်ယာမြေ သိမ်းဆည်းခြင်း ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန် ဖော်ပြထားသည်။