သတင်း

အစိုးရ က အသက်မွေးဝမ်းကြောင်း ပညာရပ်များ ပံ့ပိုးရန် ဘိန်းစိုက်တောင်သူများ တောင်းဆို

This article has been converted from Zawgyi One to Unicode

အစိုးရ အနေဖြင့် ဘိန်းခင်းများ ဆက်လက် မစိုက်ပျိုးစေလိုပါက အစားထိုးသီးနှံများနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ ပံ့ပိုးရန် လိုအပ်ကြောင်း ဘိန်းစိုက်တောင်သူများက ၄ ကြိမ်မြောက် ဘိန်း စိုက် တောင်သူများညီလာခံမှ ထုတ်ပြန် ပြောဆိုလိုက်သည်။

အဆိုပါ ညီလာခံကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မေလ ၅ ရက်မှ ၇ ရက် အထိ ပြုလုပ်ခဲ့ပြီး ညီလာခံ မှ ရရှိလာသည့် ရလဒ် ထုတ်ပြန်ချက်ကို မေလ ၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘိန်းစိုက်တောင်သူ အများစု မှာ လက်နက်ကိုင်ပဋိပက္ခ များ နှစ်ရှည်လများ ဖြစ်ပွားခဲ့သည့် ဒေသများမှ ဖြစ်ကြောင်း၊ အဆိုပါ ဒေသများတွင် စိုက်ပျိုးသည့် တောင်ယာသီးနှံများ အတွက် ဈေးကွက် ရှားပါးသဖြင့် ဘိန်း စိုက်ပျိုးနေကြခြင်း ဖြစ်သည် ဟု ညီလာခံသို့ တက်ရောက်ခဲ့သည့် မေတ္တာဖောင်ဒေးရှင်းမှ ဦးခွန်မြင့်နိုင်က ဆိုသည်။

“ဘိန်းပင်က သီးလို့ပွင့်လို့ ရတဲ့ အကျိုးအမြတ်ကို သူတို့ အပြည့်အဝ မခံစားရဘူး။ ၅၀ ရာခိုင်နှုန်းကျော် ကို ရဲ၊ တပ်၊ ပြည်သူ့စစ်တို့ လက်နက်ကိုင်တို့ကို အခွန်ပေးဆောင်ရတယ်လို့ သူတို့ ရင်ဖွင့်ကြပါတယ် “ ဟုလည်း ၎င်းက ပြောပြသည်။

ဘိန်းစိုက်တောင်သူများ ညီလာခံ၏ ထုတ်ပြန်ချက်တွင်လည်း ဘိန်းစိုက်တောင်သူများ အနေဖြင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေရပြီး ဘိန်းခွန်များ ဆောင်နေရသည့် အပြင် အစိုးရမှ ဖမ်းဆီးရာတွင်လည်း ဘိန်းဖြန့်ဖြူး ရောင်းချသည့် ကုန်သည်ကြီးများကို မဖမ်းဆီးဘဲ တောင်သူများကို အဓိက ဖမ်းဆီးနေသဖြင့် အစိုးရ မူဝါဒကို ပြောင်းလဲပေးရန်လည်း တောင်းဆိုထားသည်။

ထို့ပြင် တခြား အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်းကြောင့် ဘိန်းစိုက် တောင်သူဘဝ သို့ ရောက်ရခြင်း ဖြစ်သည် ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မတ်လ အတွင်း သီးနှံများ ရင့်မှည့်နေပြီဖြစ်သည့် ဘိန်းခင်းများကို ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) မှ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အကြောင်းကိုလည်း ထည့့်သွင်း ဆွေးနွေးခဲ့သည်ဟု ညီလာခံသို့ တက်ရောက်လာသည့် ကချင်ပြည်နယ်မှ ဘိန်းစိုက်တောင်သူများထံက သိရသည်။

ကချင်ပြည်နယ် ရှိ ဘိန်းစိုက်တောင်သူ တဦးက “ အဲဒီတုန်းက ကျနော်တို့ကို ဘာမှ ညှိနှိုင်းတာ မရှိဘူး။ စိုက် ပြီး သီးနှံတွေ ရမယ့် အချိန်မှာမှ ဖျက်ဆီးရလိုက်တော့ ဆုံးရှုံးမှု ထိခိုက်မှု တော်တော်ရှိတယ်။ ကျနော်တို့ မိသားစု ဘဝ ရဲ့ စားဝတ်နေရေးကို ထိခိုက်တယ်” ဟု ပြောသည်။

ဘိန်းစိုက်တောင်သူများက ၎င်းတို့၏ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးပြီးနောက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းသစ်များ ရရှိလိုသည့် ဆန္ဒရှိကြပြီး ၎င်းတို့ကို ပြန်လည်ထူထောင်ရေး လုပ်ရန် အချိန် အတိုင်းအတာ သတ်မှတ်ပေးကာ အစိုးရမှ ကူညီပေးရန် လိုအပ်သည်ဟုလည်း ညီလာခံတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံသို့ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ကချင်ပြည်နယ် ရှိ ဘိန်းစိုက်တောင်သူ ဦးရေ ၃၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute -TNI က ညီလာခံ ဖြစ်မြောက်ရန် ကမကထ ပြုလုပ်ခဲ့ပြီး ကယားပြည်နယ်၊ ဒေသခံ အရပ်ဘက် အဖွဲ့အစည်း များက ကူညီခဲ့သည်ဟုလည်း သိရသည်။

မြန်မာတနိုင်ငံလုံးတွင် ဘိန်းစိုက်ပျိုးမှု ဧရိယာ ၉၉ ရာခိုင်နှုန်းခန့်မှာ ရှမ်းပြည်နယ်တွင်ဖြစ်ပြီး ကျန်ရှိသည့် ၁ ရာ ခိုင်နှုန်းမှာ ကချင်ပြည်နယ် နှင့် ကယားပြည်နယ်တွင် စိုက်ပျိုးသည်ဟု ကုလသမဂ္ဂ အဖွဲ့အစည်း UN ၏ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ တကမ္ဘာလုံးတွင် ဒုတိယနေရာအထိ မြင့်တက်သွား ပြီဖြစ်ကြောင်း စစ်တမ်းအရ သိရသည်။

Loading