အမေရိကန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရုပ်သိမ်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသစ်လက်ထက် လူ့အခွင့်အရေး တိုးတက်ရေး ဆောင်ရွက်မှု အပေါ် မူတည် ဆောင်ရွက်ဖွယ်ရှိနေပြီး လတ်တလော အခြေအနေများအရ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေး မဖြစ်နိုင်သေးဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကိုးကား၍ Wall Street Journal က မေလ ၁၀ ရက်နေ့က သတင်းဖော်ပြသည်။
သမ္မတအိုဘားမားအစိုးရအနေဖြင့် မေလဒုတိယအပတ်တွင် သက်တမ်းကုန်ဆုံးတော့မည့် မြန်မာနိုင်ငံအပေါ် ချမှတ် ထားသော စီးပွားရေးပိတ်ဆို့မှုကို သက်တမ်းတိုးရေး၊ မတိုးရေး ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
အမေရိကန်သံအမတ်ကြီး Scot Marciel က မေလ ၁၀ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ဖိုရိမ်တခု တွင် စီးပွားရေးပိတ်ဆို့မှု ပြန်လည်သုံးသပ်ရေး ဆိုင်ရာ ရလဒ်မည်သို့ ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်း၊ စီးပွားရေး ပိတ်ဆို့မှု၏ အဓိက ရည်ရွယ်ချက်မှာ အပြောင်းအလဲများကို ထောက်ပံ့ပေးရန် နှင့် တရားမ ျှတသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအပေါ် ကျယ်ပြန့် သော သက်ရောက်မှုများရှိနေသည့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှု များကို လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုက စတင်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ရက်စက် ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ရည်ရွယ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စီးပွားရေးပိတ်ဆို့မှုတချို့ကို ဖယ်ရှားပေးခဲ့သော်လည်း ခရိုနီများ၊ စစ်ဗိုလ်ချုပ် များ နှင့်ဆက်စပ်သော ကုမ္ဗဏီ ၁၅၀ နီးပါးကို ပိတ်ပင်မှုများ ပြုလုပ်ထားဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ကျောက် မျက် ရောင်းဝယ်ရေးကဲ့သို့ စီးပွားရေးလုပ်ငန်းများအပေါ်တွင်လည်း ပိတ်ဆို့မှုများ ချမှတ်ထား ဆဲဖြစ်ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့အတူ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာမယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေကို အပြုသဘော ရှုမြင်ဖို့ ပိုပြီး လွယ်ကူစေပါတယ်” ဟု အမေရိကန်သံအမတ်ကြီးက ပြောသည်။
အမေရိကန်စီးပွားရေး အသိုင်းအဝိုင်းကမူ စီးပွားရေးပိတ်ဆို့မှုများသည် မြန်မာနိုင်ငံအတွင်း အခြားနိုင်ငံများနှင့် အတူ ရင်းနှီးမြှုပ်နှံမှုပြိုင်ဆိုင် လုပ်ဆောင်ရာတွင် အမေရိကန်ကုမ္ဗဏီများ အတွက် ထိခိုက်မှုများရှိနေကြောင်း ပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ယမန်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော်လည်း မြန်မာစစ်တပ်သည် အာဏာဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲမှာ မပြည့်စုံသေးဟု အမေရိကန်အစိုးရက ရှုမြင်နေဆဲဖြစ်သည်။
NLD ကမူ စီးပွားရေးပိတ်ဆို့မှု အလုံးစုံရုပ်သိမ်းရေး တွန်းအားပေးမည်မဟုတ်ဘဲ စီးပွားရေးပိတ်ဆို့မှု တခုချင်းစီ အလိုက် ပြန်လည်သုံးသပ်ရမည်ဟု ထုတ်ပြန်ပြောဆိုထားခဲ့သည်။