သတင်း

DKBA နှင့် တပ်မတော်၊ BGF ပူးပေါင်းတပ်များအကြား တိုက်ပွဲဲဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အစိုးရတပ်မတော်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်နယ်ခြား စောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသား တပ်မတော် (DKBA) အကြား ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ပျားပင်ရွာရှိ DKBA ဗိုလ်မှူး နားမကြား အိမ်ကို တပ်မတော်နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင် များက သွားရောက်ဝိုင်းထားရာမှ ယနေ့နံနက် ၅ နာရီခွဲခန့်က နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း DKBA  ပြန်ကြားရေးတာဝန်ခံ စောရဲထက်က ဧရာဝတီကို ပြောသည်။

“ပျားပင်ရွာက ဗိုလ်မှူး နားမကြား ရဲ့ဇာတိ သူ့အိမ်ကို သူခနပြန်ဝင်နေတာ တပတ်လောက်ရှိပြီ။ စစ်တပ်နဲ့ BGF ပူးပေါင်းတပ်တွေက မနေ့ညကတည်းက ဗိုလ်မှူး နားမကြား အိမ်ကို ဝိုင်းထားတယ်။ ဒီမနက် ၅ နာရီမှာ ထိတွေ့မှု စဖြစ်တယ်။ သူတို့က ဝိုင်းထားတာဖြစ်တဲ့အတွက် တိုက်ပွဲတွေက ကြိုကြားဆက်ဖြစ်နေတာလဲ ရှိတယ်” ဟု စောရဲထက်က ဆိုသည်။

နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု ရှိ မရှိနှင့် ပတ်သက်ပြီး မြေပြင်သတင်းများ တက်လာခြင်းမရှိသေးသဖြင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ BGF ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရရှိပေ။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီးနှင့် အလှမ်းဝေးသဖြင့် ကုန်သွယ်ရေး လမ်းကြောင်းအပေါ် ရိုက်ခတ်မှုမရှိသေး၍ ကုန်ကားများနှင့် ခရီးသည်တင် ကားများ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း မြဝတီမြို့ရှိ ကုန်ပစ္စည်းနှင့် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။

“မနက်က ကော့ကရိတ်ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ တက်လာတဲ့ ကားသမား တချို့ဆီကတော့ ကြားတယ်။ ဒါပေမယ့် လမ်းမကြီးနဲ့ အလှမ်းဝေးတော့ ကုန်စည်ပို့ဆောင်ရေးကိုတော့ ထိခိုက်တာ မရှိပါဘူး။ ကျနော်တို့ ကားတွေလည်း ဒီနေ့အဆင်းအတက် လုပ်နေတာပဲ။ အေးအေးဆေးဆေးပါ” ဟု ၎င်းက ဆိုသည်။

DKBA ဘက်က ၎င်းတို့နှင့် အနီးဆုံးတွင်ရှိနေသော တပ်မတော်စစ်ကြောင်းများ၊ ကရင်နယ်ခြားစောင့်တပ် (BGF) များနှင့် တိုက်ပွဲမဖြစ်လို၍ ရှောင်ရှားနေထိုင်သော်လည်း ယခုတိုက်ပွဲသည် ရှောင်လွှဲမရသည့် အနေအထား ဖြစ်သောကြောင့် ခုခံရခြင်းဖြစ်သည်ဟု ပြန်လည်ပြောဆိုသည်။

“အတတ်နိုင်ဆုံးတော့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်ဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ်ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပြောနေတဲ့ အခြေအနေမှာ ကျနော်တို့က စစ်ကိုအတတ်နိုင်ဆုံးတော့ ရှောင်ဖို့လုပ်တာပေါ့။ အခုဟာကတော့ သူများက လာဝိုင်းပြီး ပစ်တယ်ဆိုတော့ ကိုယ်လည်း ပြန်ခံပြီး ပစ်ရတာတော့ ရှိတာပေါ့” ဟု DKBA  ပြန်ကြားရေးတာဝန်ခံ စောရဲထက်က ပြောသည်။

DKBA ဗိုလ်မှူး နားမကြားအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား အာရှလမ်းမကြီး ကော့ကရိတ် – မြဝတီလမ်းပိုင်း မဖွင့်မှီ ၂၀၁၅ ခုနှစ် ဇူလိုင်လက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သဖြင့် အာရှလမ်းမကြီးကို ခေတ္တပိတ်ထားခဲ့ရသည်။

ယခုနှစ် ဖေဖော်ဝါရီလပိုင်းက အာရှလမ်းမကြီးဘက်မှ ဆုတ်ခွာခဲ့သည့် DKBA ဗိုလ်မှူး နားမကြား အဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များ အကြား ပျားပင်ရွာနှင့် ကောင်းမှုရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့ကို ဗိုလ်ချုပ်ကြီး စောလားပွယ်ဦးစီးသည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) မှ ထုတ်ပယ်ခံရသူများဖြစ်သည့် စောကျော်သက်၊ စောဆန်းအောင်တို့က ဦးဆောင်ပြီး ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်က မူလ အမည်ဟောင်းဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Loading