ရန်ကုန်မြို့တွင် တရားဥပဒေ စိုးမိုးရေးအတွက် ညဘက် ဖွင့်လှစ်သည့် စားသောက်ဆိုင်များ၊ ညကလပ် များ၊ ဘားများ အားလုံးကို ည ၁၁ နာရီ တွင် ပိတ်သိမ်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက အရေးယူ မည်ဟု တရားဝင် အသိပေးအကြောင်းကြားလိုက်သည်။
“ကျနော်တို့ ရဲတပ်ဖွဲ့ကတော့ သက်ဆိုင်ရာ ဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း လုပ် ဆောင် တာဖြစ်ပါတယ်။ ရဲတွေအနေနဲ့ စောင့်ကြည့်မယ်၊ သတိပေးတာလုပ်မယ်၊ နောက်ဆုံး အနေနဲ့ မရတော့မှ အရေးယူမှု လုပ်မှာဖြစ်ပါတယ်။ ဒါက ရက် ၁၀၀ စီမံချက်နဲ့လည်း ဆက်နွယ်နေတယ်လို့တော့ ပြောလို့ရမှာပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ ရဲမှူးကြီး ဝင်းဗိုလ် က ဧရာဝတီသို့ ပြောသည်။
အရက်၊ ဘီယာဆိုင် ရောင်းချသည့် စားသောက်ဆိုင်များ နှင့် ညကလပ်များ အားလုံး ည ၁၁ နာရီ တွင် အပြီးသတ် ပိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က စောင့်ကြည့်ကာ ပိတ်သိမ်းမှု မရှိသည့် ဆိုင်များကို သတိပေးခြင်းနှင့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု လာရောက်ပြောကြားထားကြောင်း Pioneer club မှ မန်နေဂျာ ကိုကျော်နိုင် က ပြောသည်။
“ပုံမှန် Night Life မှာ ရှိနေတဲ့ သူတွေ ကတော့ အချိန်ပြောင်းလဲပေးရမှာပေါ့။ ကျနော်တို့က စားသုံးသူ ကို မှီခိုပြီး ဖွင့်လှစ် ရတာ။ အခုကတော့ ရဲ က ည ၁၁ နာရီမှာ ဆိုင်ပိတ်ပေးဖို့ ဖုန်းဆက်ပြီးတော့ရော၊ လူကိုယ်တိုင်ရော မနေ့က လာပြီး ပြောသွားတယ်”ဟု ကိုကျော်နိုင်က ရှင်းပြသည်။
NLD အစိုးရလက်ထက်တွင် ရဲတပ်ဖွဲ့ က မှုခင်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အစရှိသည့် လုပ်ငန်းစဉ်များ အားလုံးကို အရှိန်အဟုန်မြှင့် တင် မည်ဖြစ်သည့်အပြင် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ဂိုဏ်းများကိုလည်းနှိမ်နင်းမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယမန်နေ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“မနေ့က ဆွေးနွေးတော့ ဝန်ကြီးချုပ်ကတော့ ရဲတွေလာရင် ဓားနဲ့ထိုးမယ်။ ခုတ်မယ်။ မလာနဲ့ လို့ ပြောတဲ့ နေရာမျိုး ရှိမှာ လက်မခံဘူး။ လူဆိုးလူမိုက်ဂိုဏ်းတွေ ရှိရင်လည်း အရင်ထက်ပိုပြီး ရှာဖွေ ဖမ်းဆီးတာတွေ လုပ်မယ်။ အဓိက ကတော့ ရဲလုပ်ငန်းနဲ့ ဆိုင်တာ အားလုံးကို အရှိန်မြှင့်ပြီး လုပ်ဖို့ ပြောတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း ပြန်ဆွေးနွေးကြတယ်”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှ ခရိုင်ရဲတပ်ဖွဲ့မှူး တဦး က ရှင်းပြသည်။
မေလ ၁ ရက်မှ စတင်လိုက်သည့် ရဲတပ်ဖွဲ့၏ ရက် ၁၀၀ စီမံချက်အရ ဖမ်းဆီးရမိထားသည့်အမှုပေါင်း ၉၀၀ ကျော်ရှိပြီး အမှု ၄၅၀ ခန့်မှာ မော်တော်ယာဉ်နှင့် သက်ဆိုင်သည့်အမှုများဖြစ်ကာ ကျန်ရှိသည့် ၄၅၀ ကျော်မှာ ခိုး၊ ဆိုး၊ လု၊ နှိုက်မှုများ အပါအဝင် ပြစ်မှုများ ဖြစ်ကြောင်း သိရသည်။