ဘာသာမတူသူ၊ လူမျိုးမတူသူများ အကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိကြောင်း၊ ယှဉ်တွဲ နေထိုင်နိုင်ကြောင်း ပြသသည့်အနေဖြင့် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း (Yangon School of Political Science – YSPS) မှ ကျောင်းသား ကျောင်းသူများ ဦးစီးပြီး ဘာသာပေါင်းစုံ လမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဘာသာပေါင်းစုံ လမ်းလျှောက်ပွဲကို “ချစ်ခြင်းနဲ့ လှမ်းတဲ့ခြေလှမ်းတွေ” ဟု အမည်ပေးထားပြီး မေ ၁၄ ရက်တွင် နေ့လယ် ၃ နာရီခွဲမှ ၇ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့တွင် YSPS ကျောင်းသား ကျောင်းသူများက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
YSPS ကျောင်းသား/သူများ ဦးဆောင်သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခပြဿနာများနှင့် ပတ်သက်ပြီး လူအများ၏ ရင်ထဲမှ အကြောက်တရားများ၊ တဦးနှင့်တဦး မယုံမကြည် ဖြစ်နေမှုများကို အတိုင်းအတာ တခုအထိ လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း YSPS ကျောင်းသားဟောင်းများက ပြောသည်။
YSPS ကျောင်းသူဟောင်း တဦးဖြစ်သူ အစ္စလမ်ဘာသာဝင် မဂျူးဂျူးသန်းက “ကျမတို့တွေ ဘယ်လိုပဲ အသားအရောင်တွေ၊ ကိုးကွယ်ယုံကြည်မှု ပုံစံတွေ၊ ဝတ်စားဆင်ယင်မှုတွေ ကွဲပြားနေပါစေ၊ လူဆိုတဲ့ဖြစ်တည်မှုက အတူတူပဲဖြစ်လို့ မတူတာတွေအပေါ်မှာ အငြင်းမပွားနေဘဲနဲ့ ကျမတို့တွေရဲ့ တူတဲ့အရာတွေပေါ်မှာ တွဲပြီးလုပ်လို့ ရတဲ့အရာတွေ အများကြီးရှိတယ်။ ဒါကို ခွန်အားအဖြစ်ယူပြီး ကျမတို့နိုင်ငံ တည်ဆောက်ချိန်မှာ ပူးပေါင်းပါဝင်စေချင်တာပါ” ဟု ဧရာဝတီကို ပြောသည်။
လမ်းလျှောက်ပွဲစုရပ်ကို ရန်ကုန်မြို့၊ ကျောက်မြောင်းမီးပွိုင့်လမ်းဆုံ (ဘဟာအီ ရုံးချုပ်အနီး) မှ စတင်ပြီး ဗညားဒလ လမ်းတလျှောက်၊ သိမ်ဖြူလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေလမ်းမကြီး တလျှောက် လမ်းလျှောက်၍ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ လမ်းလျှောက်ချီတက်ရာ လမ်းတလျှောက်နှင့် လမ်းအဆုံးသတ်တွင် ငြိမ်းချမ်းရေး ဂီတသံစဉ်များဖြင့် တီးခတ်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်ပွဲအတွက် သက်ဆိုင်ရာ မြို့နယ်များဖြစ်သည့် မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်နှင့် ကျောက်တံတား မြို့နယ်တို့တွင် ခွင့်ပြုချက်များ လျှောက်ထားခဲ့ရာ သက်ဆိုင်ရာရဲစခန်းများက ဗဟန်းမြို့နယ်၊ ဟစ်တိုင်မှ ဗိုလ်စိန်မှန် အထိသာ ခွင့်ပြုခဲ့ပြီး ဘာသာပေါင်းစုံမှ ဘာသာရေးအကြီးအကဲ ခေါင်းဆောင်များ၏ သြဝါဒပေးမည်ကို ခွင့်မပြုသဖြင့် ချီတက်မည့် လမ်းကြောင်းကို ပြောင်းလဲခြင်း မရှိသော်လည်း ဘာသာရေး ခေါင်းဆောင်များ၏ ဟောပြောပွဲကို မလုပ်ဖြစ်တော့ကြောင်း သိရသည်။
ဘာသာပေါင်းစုံ လမ်းလျှောက်ပွဲတွင် လူဦးရေ ၅၀၀ မှ ၁၀၀၀ ကျော်အထိ ပါဝင်မည်ဟု ခန့်မှန်းထားပြီး ဘာသာရေး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များဖြစ်သည့် အရှင်စန္ဒာသီရိ (ဗုဒ္ဓဘာသာ)၊ ဒေါက်တာ မြင့်သိန်း (အစ္စလမ်ဘာသာ)၊ ဦးစန်းမင်းနိုင် (ဟိန္ဒူဘာသာ) နှင့် ဖာသာ သောမတ် (ခရစ်ယာန်ဘာသာ) အပါအဝင် တခြားလူငယ် အဖွဲ့အစည်း ၂၀ ကျော်မှ လူငယ်များ ပါဝင်မည်ဖြစ်ကြောင်း၊ ဆန္ဒအလျောက် ပူးပေါင်းပါဝင်လိုသော တခြားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များလည်း ပါဝင်နိုင်ရန် ဖိတ်ကြားထားကြောင်း YSPS ကျောင်းသားဟောင်းများက ပြောသည်။