သတင်း

ကျဆင်းခဲ့တဲ့ပုံရိပ် ပြန်မြှင့်မယ်လို့ ရဲတပ်ဖွဲ့ပြော

This article has been converted from Zawgyi One to Unicode

အများပြည်သူ၏ အမြင်မှာ “အမှီးကျက် အမှီးစား၊ ခေါင်းကျက် ခေါင်းစား”လို့ အထင်ခံခဲ့ရပြီး ယနေ့အချိန်အထိ ကျဆင်းနေတဲ့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို အစိုးရသစ်လက်ထက်မှာ ဒီမိုကရေစီစနစ်နဲ့အညီ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတဲ့ ရဲတပ်ဖွဲ့တခု ဖြစ်လာအောင် ပြန်ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက ပြောဆိုလိုက်ပါတယ်။

၂၀၁၆ ခုနှစ် မေလ ၁၂ ရက်နေ့က ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ ဓမ္မဗိမာန်မှာ ကျင်းပတဲ့ နေပြည်တော် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် အခမ်းအနားကို တက်ရောက်လာတဲ့ ရဲမှူးချုပ် ဝင်းထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ ကင်းကွာခဲ့တဲ့ ၎င်းတို့ ရဲတပ်ဖွဲ့အနေနဲ့ လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်ရမယ့် Democracy Policing လို့ ခေါ်တဲ့ Service Oriented Policing (ဒီမိုကရေစီ ရဲလုပ်ငန်းစနစ်)ကို ကူးပြောင်းတဲ့အခါ အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ သူက ဆိုပါတယ်။

“အရင်က ရဲတပ်ဖွဲ့က ပြည်သူတွေကို ဆက်ဆံတဲ့အခါ Service ပေးတဲ့ ပုံစံနဲ့ မဆက်ဆံဘဲနဲ့ ဟေ့ကောင် မင်းဒါလုပ်လို့ရှိရင် အဖမ်းခံ ရမယ်ဆိုပြီး ပြည်သူကို ပြောတဲ့အခါမှာလည်း မိုက်မိုက်ရိုင်းရိုင်း ပြောတာတွေ ရှိတယ်။ ခိုင်းတဲ့ ပုံစံမျိုး၊ အမိန့်ပေးတဲ့ ပုံစံမျိုး၊ ပြိုင်ဘက်လို ဆက်ဆံတဲ့ ပုံစံမျိုးလေးတွေ သွားတွေ့ရတယ်”လို့ ရဲရေးချုပ်က ဆိုပါတယ်။

ဒီလိုဆက်ဆံတာမျိုးကို Control Oriented Policing လို့ ခေါ်ပြီး အခုလို ထိန်းချုပ်၊ ဖိနှိပ်ဆက်ဆံတာက အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ပြီး ဒါတွေကို ဆက်ကျင့်သုံးနေရင် ရဲတပ်ဖွဲ့နဲ့ အများပြည်သူကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတရပ် ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်ကလည်း ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်း ပြောတာတွေကို သဘောတူတဲ့အပြင် ရဲတပ်ဖွဲ့ကို အသွင်သဏ္ဍန်သာမက အနှစ်သာရပြောင်းလဲရေးကိုပါ ကြိုးစားနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ရဲရယ်လို့ မဟုတ်ဘူး၊ ဝန်ထမ်း အများစုဟာ အဲလိုပဲ ပုံရိပ်သိပ်မကောင်းကြဘူး။ အခုတော့ ကျနော်တို့က ဝန်ထမ်းတွေရဲ့ လိုအပ်ချက် ဖြည့်ဆည်းပေးတာ ရှိတယ်။ ပြည်ထဲရေး ဝန်ကြီးဌာန အစီအစဉ်၊ ရဲချုပ်ရုံးရဲ့ အစီအစဉ်နဲ့ အဓိက အမှုလိုက် စရိတ်တွေ၊ စာရွက် စာတမ်း ကြေးတွေ၊ နောက်ဆုံး ရုံးသုံးစရိတ်တွေ၊ စက်သုံးဆီတွေ မော်တော်ယာဉ်တွေ ကျနော်တို့ ပံ့ပိုးပေးတာတွေ ရှိတယ်”လို့ ရဲမှူးကြီး ကိုကိုအောင်က ပြောပါတယ်။

အရင်က ရဲတပ်ဖွဲ့တွေမှာ အစိုးရဆီက လုံလောက်တဲ့ ထောက်ပံ့ကြေးတွေ မရတာက ပြည်သူလူထုအပေါ်မှာ ဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့ပြီး အောက်ခြေမှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ရပေမယ့် အခုတော့ လျှော့ကျသွားပြီလို့ သူက ယုံကြည်နေပါတယ်။

“ရဲဆိုတာ နိုင်ငံရေးသမားတွေရဲ့ လက်သုံး ကိရိယာတခုအဖြစ် ရှိခဲ့ပေမယ့် ၂၁ ရာစုမှာတော့ ရဲတပ်ဖွဲ့ဟာ တရားဥပဒေ စိုးမိုးရေး ကိစ္စ တခုတည်းတင်မဟုတ်ဘဲ ပိုမိုကျယ်ပြန့်လာတဲ့အပြင် ပြုပြင်ပြောင်းလဲလာတဲ့ခေတ်၊ အယူအဆတွေနဲ့အညီ Community Policing အဖြစ်ကို ပြောင်းလဲလာခဲ့ပြီ”လို့ ရဲမှူးချုပ် ဝင်းထွန်းက ပြောပါတယ်။

ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်(Service-Oriented Policing)ကို ဖော်ဆောင်ရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်း(Community Policing)၊ ပြဿနာ ဖြေရှင်းတွေကို ရှေးရှုတဲ့ ရဲလုပ်ငန်း(Problem Solving)၊ ပြည့်စုံတဲ့ မှုခင်းဆိုင်ရာ သတင်းအချက်အလက်တွေကို အခြေခံတဲ့(Intelligent-Led Policing)စတဲ့ ရဲလုပ်ငန်း ၃ မျိုးနဲ့ ချဉ်းကပ် အကောင်အထည်ဖော်သွားဖို့ လိုတယ်လို့ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်ကလည်း အဲဒီ အခမ်းအနားမှာ ပြောပါတယ်။

“ရဲတပ်ဖွဲ့အနေနဲ့ ရဲလုပ်ငန်းစနစ်ကို ဖော်ဆောင်တဲ့အခါ ပြည်သူလူထုကို ဝန်ဆောင်မှု ပေးနေခြင်းဖြစ်တယ်ဆိုတဲ့ Mindset ထားရှိ လုပ် ကိုင်ရမှာ ဖြစ်ပါတယ်။ ယခင်ထားရှိ လုပ်ဆောင်ခဲ့တဲ့ Law-enforcement mindset ကို စွန့်လွှတ်ပြီး ပြည်သူလူထုကို မိဘလို၊ မိတ်ဆွေ သူငယ်ချင်းတွေလို သဘောထားဆက်ဆံပြီး အကူအညီပေးသွားကြရမှာ ဖြစ်ပါတယ်”လို့ ဒေါက်တာမျိုးအောင်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ပြည်သူနဲ့ ထိပ်တိုက်တိုးတဲ့အခါ သူတို့ရဲ့ လုပ်ဆောင်ချက် မှားယွင်းမှုတွေဟာ ဒေသဆိုင်ရာ အစိုးရအဖွဲ့ရဲ့ အမိန့်ပေးလို့ လုပ်ဆောင်ရတာ ရှိသလို အဲဒီဒေသမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုတွေကြောင့်ပဲ ဆောင်ရွက်ရတာ ဖြစ်ပြီးတော့ သူတို့ကြောင့်ပဲ လုပ်ဆောင်မှုတွေ မှားယွင်းမှုတွေက ဒေသဆိုင်ရာ အစိုးရ၊ နိုင်ငံတော် အစိုးရအထိပါ ပြန်ထိခိုက်ရတယ်လို့ ရဲမှူးချုပ် ဝင်းထွန်းက ဆိုပါတယ်။

“တချိန်ကနေ အခုချိန်အထိ ကျနော်တို့ ရဲတပ်ဖွဲ့အပေါ်မှာ ပြည်သူတွေမြင်တဲ့ အမြင်ဟာ အားလုံးသိကြမှာပါ။ ပြောတဲ့ဆိုတဲ့ ဝေဖန် တာ တွေက ရဲတပ်ဖွဲ့အပေါ်မှာ မြင်နေတဲ့အမြင် အတွေးအခေါ်တွေဟာ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတာ ရိုးသားစွာ ဝန်ခံလိုပါတယ်”လို့ ရဲမှူးချုပ် ဝင်းထွန်းက ဆိုပါတယ်။

ခေတ်စနစ်နဲ့ အညီ ပြောင်းလဲလိုက်ရတဲ့ ရဲလုပ်ငန်း တာဝန်တွေကတော့ ပြည်သူလူထု တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းဖို့၊ ပြည်သူတဦးချင်းစီရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်များကို အလေးထား ကာကွယ်စောင့်ရှောက်ဖို့၊ မှုခင်းတွေ တားဆီး ကာကွယ်တိုက်ဖျက်ဖို့၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ အများပြည်သူရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးဖို့၊ ပြည်သူလူထုကို အထောက် အကူနဲ့ ဝန်ဆောင်မှု ပေးဖို့၊ ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ မျှော်လင့်ချက်တွေကို လိုလိုလားလား ဆောင်ရွက်ပေးဖို့၊ နိုင်ငံရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြည်သူလူထု အကျိုးစီးပွားအတွက် အသုံးပြုဖို့ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

တရား ဥပဒေ စိုးမိုရေးနဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးရမယ့် ရဲတပ်ဖွဲ့အင်အားမှာ တနိုင်ငံလုံးမှာ ၈၀၀၀၀ ဝန်းကျင်သာ ရှိပြီး ၁၀ နှစ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဝင်အထွက်တွေကြောင့် အင်အားတိုးမလာခဲ့ဘူးလို့ ရဲတပ်ဖွဲ့ အရာရှိတွေက ပြောပါတယ်။
Service Oriented Policing စနစ်ကို သွားတဲ့အခါမှာ ရဲတပ်ဖွဲ့တခုတည်းတင် မဟုတ်ဘဲနဲ့ အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ ပြည်သူလူထု ပါဝင်ဖို့လိုတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

“ပြည်သူလူထုကို Service ပေးတာကို ပုံမှန်မလုပ်ဘဲနဲ့ ပေါ်ပင်လေးတွေ အမှတ်ရမယ့် ဟာလေးတွေ ရှိမှပဲ လုပ်ပြီးတော့ အဓိက အားဖြင့်တော့ အရပ်စကားပြောရင် ပြည်သူကို ဆရာကြီး လုပ်နေတာပါပဲ။ ပြည်သူအတွက် ဝန်ဆောင်မှုဆိုတာ အားနည်းခဲ့တယ်”လို့ ရဲမှူးချုပ် ဝင်းထွန်းက ပြောဆိုခဲ့ပါတယ်။

Loading