ပြီးခဲ့သည့်အပတ် ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးကျောင်း တကျောင်း၏ စာမေးပွဲတွင် ကျောင်းသားများက smartwatch စမတ်နာရီများနှင့် စပိုင်ကင်မရာများကို အသုံးပြု၍ မရိုးမသား ဖြေဆိုခဲ့သည်ကို ဖမ်းမိခဲ့သည်။
Rangsit တက္ကသိုလ် ပါမောက္ခချုပ် Arthit Ourairat က မေလ ၆ ရက်နေ့ ညနေပိုင်းက သူ၏ Facebook စာမျက်နှာတွင် စာခိုးချရာ၌ အသုံးပြုခဲ့သော အဆင့်မြင့် နည်းပညာသုံး ကိရိယာများ၏ ဓာတ်ပုံများတင်ခဲ့ပြီး ထိုသို့ မရိုးမသားပြုလုပ်သည် ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ဝင်ခွင့် စာမေးပွဲမေးခွန်းကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။
ကျောင်းသား ၃ ဦးက စပိုင်ကင်မရာများ ပါသည့် မျက်မှန်များကို အသုံးပြု၍ ရိုက်ကူးလိုက်သည့် မေးခွန်းအား အမည်မသိ လူတစုထံသို့ ပေးပို့ခဲ့ပြီး ၎င်းတို့က အဖြေများကို ကျောင်းသားများ လက်တွင် ဝတ်ဆင်ထားသော စမတ်နာရီများသို့ ပြန်လည်ပေးပို့ခဲ့သည်။ ပစ္စည်းကိရိယာများနှင့် အဖြေများအတွက် ကျောင်းသားများက အဆိုပါ နည်းပြအဖွဲ့ကို တဦးလျှင် ထိုင်းဘတ်ငွေ ၈၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၃၀၀၀ ခန့်) စီ ပေးခဲ့ရသည်ဟု ပါမောက္ခချုပ်က ပြောသည်။
အဆိုပါ ကျောင်းသားများကို နာမည်ပျက်စာရင်း သွင်းလိုက်သည်ဟု ထိုင်းနိုင်ငံ Channel 3 ရုပ်မြင်သံကြားက သတင်း ထုတ်လွှင့်ခဲ့သည်။
Facebook တွင် Arthit Ourairat တင်ခဲ့သည်များ ပျံ့နှံ့သွားပြီးနောက် ကျောင်းသားများ၏ တီထွင်ဉာဏ်ကို ချီးမွမ်းသူများရော မရိုးမသား လုပ်သည့်အတွက် အပြစ်တင်သူများရော ရှိလာခဲ့သည်။
“တကယ်လို့ သူတို့ စာမေးပွဲအောင်သွားခဲ့မယ်၊ ဘွဲ့ရခဲ့မယ်ဆိုရင် ကျနော်တို့ကို ဆေးကုပေးဖို့ တရားမဝင် ဆရာဝန်တွေ ရလာပါလိမ့်မယ်” ဟု Facebook အသုံးပြုသူတဦးက ရေးသည်။
ဂုဏ်ပြုချီးကျူးသည့် အခြားသူများလည်း ရှိသည်။ “ကောင်းတယ်။ ဟောလီးဝုဒ် က Mission Impossible ဇာတ်ကားလိုပဲ” ဟု တယောက်က ရေးသည်။
ကမ္ဘာပေါ်တွင် ဆေးဝါးကုသရေး အချက်အချာနေရာ တခုဖြစ်လာသည့် ထိုင်းနိုင်ငံတွင် ဆရာဝန်များအနေဖြင့် ငွေကြေးအမြောက်အများ ရှာဖွေနိုင်သည့်အတွက် ဆေးပညာဘွဲ့လိုချင်သူ အလွန်များပြားလျှက်ရှိသည်။
ဆယ်စုနှစ် တခုကျော် အတွင်း ထိုင်းနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုက အထင်ကြီးလောက်စရာဖြစ်ခဲ့သော်လည်း ပညာရေး စ နစ်မှာ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အရေးတကြီး လိုအပ်နေပြီး အလွတ်ကျက်သည့်စနစ်၊ စာသင်ချိန်ကြာရှည်ခြင်း နှင့် နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီခြင်းများကို ပုံမှန် တွေ့နေရဆဲ ဖြစ်သည်။
ကမ္ဘာ့ပညာရေး အဆင့်အတန်းကို တိုင်းတာသည့် Program for International Student Assessment (PISA) ၏ ၂၀၁၄ ခုနှစ် စံနှုန်းတွင် ထိုင်းနိုင်ငံမှ ကျောင်းသားများ၏ စွမ်းရည်က ကမ္ဘာ့ ဖျမ်းမျှနှုန်းထက် နိမ့်နေပြီး ၎င်းတို့ထက် ပိုမိုဆင်းရဲသည့် ဗီယက်နမ်ထက်ပင် သချာၤနှင့် သိပ္ပံ ကဲ့သို့ ဘာသာ ရပ်များတွင် အားနည်းနေသည်။