တရုတ် – မြန်မာ နယ်စပ်ရှိ မိုင်းလားမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့၏ ယမ်းဂိုဒေါင်တခု ပြီးခဲ့သည့် မေလ ၇ ရက်က ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မိုင်းလားအဖွဲ့က တရုတ်နိုင်ငံကို တောင်းပန်ခဲ့ရကြောင်း သိရသည်။
တရုတ် – မြန်မာ နယ်စပ်မှတ်တိုင် ၂၁၈ အနီးရှိ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် မီတာတရာခန့် အကွာအဝေး၌ တည်ရှိသည့် တရုတ်နိုင်ငံပိုင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး၊ လူတချို့ ဒဏ်ရာများ ရရှိခဲ့သည့်အပြင် မိုင်းလားဘက်သို့ လာရောက် လည်ပတ်နေသည့် တရုတ်နိုင်ငံသား သုံးထောင်ခန့် ထိတ်လန့်မှု ဖြစ်ပွားစေခဲ့သောကြောင့် တရုတ်နိုင်ငံသို့ တောင်းပန်ခဲ့ရခြင်း ဖြစ်သည်ဟု NDAA က ပြောသည်။
“တရုတ် စစ်ဆေးရေးဂိတ်နဲ့ နီးတော့ ပေါက်ကွဲမှုကြောင့် အိမ်မျက်နှာကျက်တွေ ဘာတွေ ကျတဲ့အခါကျတော့ တချို့လည်း နည်းနည်း ထိတ်လန့်သွားတာပေါ့။ ခရီးသည်က နှစ်ထောင်၊ သုံးထောင် အဲဒီအနားမှာ ရှိတာကိုး။ ခရီးသည်တွေလည်း ကြောက်တာပေါ့။ အဲဒါနဲ့ ကျနော်တို့လည်း တာဝန်ဝတ္တရားအရ ဆိုရင်လည်း တောင်းပန်သင့်တယ်လေ။ အဲဒါကြောင့် တောင်းပန်တာ” ဟု NDAA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မောင်က ဧရာဝတီကို ပြောသည်။
မိုင်းလားမြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိနေသည့် တရုတ်နိုင်ငံ၏ တိုက်နယ်တခုဖြစ်သော Daluo မြို့နယ် တာဝန်ရှိသူများထံ တောင်းပန်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သူများ၊ အဆောက်အအုံ အပျက်အစီးများနှင့် ပေါက်ကွဲစများ ထိမှန်ပျက်စီးခဲ့ရသည့် ကားများကို NDAA အဖွဲ့အနေဖြင့် လိုအပ်ပါက လျော်ကြေး ပေးဆောင်သွားမည်ဟု သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံတင် ကုသပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။ သေဆုံး ဒဏ်ရာရရှိသူများထဲ၌ အများစုမှာ NDAA ရဲဘော်များဖြစ်ပြီး၊ သေဆုံးသူ ၅ ဦးအနက် ၄ ဦးသည် ရဲဘော်များဖြစ်ပြီး ၁ ဦးမှာ အရပ်သားဖြစ်ကြောင်းနှင့် ဒဏ်ရာရသူ ၃၉ ဦးတွင် ၃၂ သည် ရဲဘော်များဖြစ်ပြီး ၇ ဦးမှာ အရပ်သားများ ဖြစ်သည်ဟု ဦးကြည်မောင်က ဆက်ပြောသည်။
ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် နှစ်ဘက် ဆက်ဆံရေးတွင် ထိခိုက်မှုမရှိကြောင်း၊ ဝင်ထွက်သွားလာမှု ပုံမှန်အတိုင်း ပြန်လည်ပတ်နေကြောင်း၊ နောက်ပိုင်းတွင် ယမ်းများကို လူနေ အဆောက်အအုံများနှင့် ဝေးသည့် နေရာများတွင် ထားရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။
ယမ်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပွားရာတွင် NDAA အဖွဲ့ထံသို့ နေပြည်တော် အစိုးရနှင့် တြိဂံတိုင်းရှိ တပ်မတော် တာဝန်ရှိသူများက လိုအပ်သည့် အကူအညီများပေးရန် ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း NDDA အဖွဲ့အစည်းအနေဖြင့် ကိုယ်တိုင် ဖြေရှင်းလျှက်ရှိပြီး မလိုအပ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဦးကြည်မောင်က ပြောသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မိုင်းလား ဒေသခံအချို့က လက်နက်တိုက် ပေါက်ကွဲမှုဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့သော်လည်း NDAA အဖွဲ့က ၎င်းတို့ဒေသရှိ သတ္ထုတွင်း အသုံးပြုရန် သိမ်းဆည်းထားသော အရပ်သုံးယမ်းများ ရာသီဥတုပူပြင်းပြီး အုပ်ချုပ်မှု အားနည်းသောကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပေါက်ကွဲမှု ဖြစ်ပွားသည့်နေ့မှာပင် NDAA အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
NDAA အဖွဲ့သည် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်က ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရက အထူးဒေသ (၄) အဖြစ် သတ်မှတ်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတချို့ကို အုပ်ချုပ်ခွင့်အာဏာ ပေးထားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် NDAA အဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။