သတင်း

ငြိမ်းချမ်းရေးရရှိရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းမည်ဟုတပ်ချုပ် ပြောဆိုမှု နိုင်ငံရေးအသိုင်းအဝိုင်းကြိုဆို

This article has been converted from Zawgyi One to Unicode

တိုင်းပြည်တွင် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တပ်မတော် အနေဖြင့် သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အပြည့်အ၀ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည်ဟုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုမှုကို နိုင်ငံရေး အသိုင်းအဝိုင်းက ကြိုဆိုကြောင်းပြောဆိုသည်။

ယခုအစိုးရသစ်၏ ၅ နှစ်တာကာလအတွင်းဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဟုညှိနှိုင်းထားကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမေလ ၁၃ ရက်နေ့ သတင်းမီဒီယာများနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တပ်ချုပ်၏ ငြိမ်ချမ်းရေးနှင့် ပတ်သက်သည့် သဘောထားကို ကြိုဆိုကြောင်း၊ တွေ့ဆုံညှိနှိုင်းဖြေရှင်းသည့် နည်းသာလျှင် အကောင်းဆုံးဟုယုံကြည်ထားကြောင်းအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဆူဆန်နာလှလှစိုးက ဧရာဝတီသို့ ပြောသည်။

ဒေါ်ဆူဆန်နာလှလှစိုးက “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတပ်ချုပ်ဒီလိုပြောတာကို ကြိုဆိုတယ်။ ဝမ်းသာတယ်။ ဒါပေမယ့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့်လည်းနားလည်မှု မရသေးတဲ့အပေါ်မှာစိုးရိမ်မှုတော့ ရှိတယ်”ဟုပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦး ဖြစ်သူဦးမြအေးကလည်း နိုင်ငံရေး ပြဿနာတခုကိုဖြေရှင်းရာတွင် တပ်မတော်ကသူ့သဘောထားကိုယခုလိုပွင့်ပွင့်လင်းလင်းထုတ်ပြောခြင်းမှာကောင်းမွန်သော်လည်း မူဝါဒတခုကို တရားသေဆုပ်ကိုင်ထား၍ မရဟု ဧရာဝတီသို့ ပြောသည်။

“သူ(တပ်ချုပ်)ပြောတာကလက်မှတ်မထိုးရင် နိုင်ငံရေးအခွင့်အရေးမရဘူးတဲ့။ ဆိုလိုချင်တာကတော့ လက်မှတ်မထိုးရင် နိုင်ငံရေးဆွေးနွေးပွဲတက်လို့ မရဘူးဆိုတာကိုထုတ်ပြောတယ်။ အခုလိုတပ်မတော်ရဲ့ သဘောထားကိုပွင့်ပွင့်လင်းလင်းပြောတာကောင်းပါတယ်”ဟုဦးမြအေးကဆိုသည်။

အစိုးရသစ် အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကိုတွေ့ဆုံသင့်ပြီးတပ်မတော်၏ သဘောထားနှင့် တိုင်းရင်းသားများ၏ သဘောထားကြားတွင် ဘက်မလိုက်ဘဲ မျှမျှတတရပ်တည်ပြီး နိုင်ငံရေးဦးဆောင်မှု ပေးနိုင်ရမည်ဟုဦးမြအေးကအကြံပြုသည်။

“အခုအစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးသဘောထားကသေချာမသိရသေးတော့ မှန်းရခက်တယ်။ အခုကတလ ၂ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲလုပ်နိုင်ဖို့ နေနေသာသာ နိုင်ငံရေးဆွေးနွေးပွဲလုပ်နိုင်ဖို့ကိုအခက်အခဲရှိနိုင်တယ်။ အစိုးရသစ်ကိုတိုက်တွန်းချင်တာကတပ်မတော်ရဲ့ သဘောထားနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကိုဆက်စပ်ပေးနိုင်အောင် ကြိုးစားပါလို့ ပြောချင်တယ်။ အဲလိုမှ မဟုတ်ရင် ၂၁ ရာစုပင်လုံညီလာခံဆိုတာလည်းမဖြစ်နိုင်ပါဘူး”ဟုဦးမြအေးကပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကမူ နိုင်ငံတော် အကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းဆောင်ရွက်မည်ဟုသဘောတူထားကြောင်း၊ သို့သော် ဥပဒေစည်းမျဉ်း၊ စည်းကမ်းနှင့် အညီသွားရမှာ ဖြစ်ကြောင်းမီဒီယာများသို့ ပြောသည်။

မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူဒေါက်တာရန်မျိုးသိမ်းကမူလာမည့် ၅ နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် လိုအပ်သည်ဟုပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး NCA မှာလက်မှတ်ထိုးနိုင်ဖို့ လမ်းဖွင့်ပေးဖု့ိလိုတယ်။ တပ်မတော်အနေနဲ့လည်းလက်နက် စွန့်ရေးဆိုတဲ့မူကိုဘယ်တိုင်းရင်းသားအဖွဲ့အစည်းနဲ့မဆိုကိုင်ဆွဲထားဖို့ မသင့်ဘူးလို့ မြင်တယ်။ အစိုးရနဲ့ တပ်မတော်နဲ့ သေသေချာချာပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် တဖက်သတ် အပစ်အခတ်ရပ်စဲရေးကိုအမြန်ဆုံးကြေညာသင့်တယ်လို့ မြင်တယ်”ဟုဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထိုကဲ့သို့ ကြေညာနိုင်ပါက နိုင်ငံရေးဆွေးနွေးပွဲများအမြန်ဆုံးစတင်နိုင်မည် ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကိုဆုပ်ဆုပ်ကိုင်ကိုင် ဖော်ဆောင်နိုင်ရန် တွန်းအား ဖြစ်စေလိမ့်မည်ဟုသူကဆက်လက်ပြောဆိုသည်။

တပ်မတော်အနေဖြင့် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လိုသော်လည်း ဒို့တာဝန် အရေး ၃ ပါးနှင့် အညီဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးအမြတ်မထုတ်ရန်လည်းလိုအပ်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ရမည်ကို လက်ခံကြောင်း၊ သို့သော် လူများ၍ ပွဲမစည် မဖြစ်ရန်လည်းလိုကြောင်း၊ မှန်ကန်သည့် ကိုယ်စားပြုမှု ရှိရန် လိုအပ်ပြီးယင်းအချက်သည် အရေးကြီးဆုံး ဖြစ်ကြောင်းတပ်ချုပ်ကပြောကြားခဲ့သည်။

Loading